ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ တော့တင်ဟမ် ဟော့စပါးအသင်းဆီကို အငှား+အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်ကစားသမား မာသိစ် တဲလ်က စပါးဆီ ပြောင်းလာရခြင်းမှာ ဟယ်ရီကိန်းရဲ့ လွှမ်းမိုးမှုတွေလည်း ပါဝင်နေတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ဒီရာသီထဲ ဘိုင်ယန်မှာ ပွဲကစားခွင့်တွေ သိပ်မရလို့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ တဲလ်ကို ချယ်လ်ဆီး အာဆင်နယ် မန်ယူနိုက်တက်နဲ့ စပါးအသင်းတို့က အပြိုင်လိုက်ခဲ့ကြပြီး စပါးက တဲလ်အတွက် ယူရိုသန်း(၆၀)နဲ့ အပြီးသတ် ခေါ်ယူဖို့ ဘိုင်ယန်နဲ့ပါ သဘောတူညီမှု ရပြီးမှ တဲလ်ကိုယ်တိုင်က စပါးကို ပယ်ချခဲ့ပါတယ်။

Photo Credit : Tottenham Hotspurt

တဲလ်က စပါးထက် ယူနိုက်တက်ဆီ ပိုမို ပြောင်းရွှေ့ချင်နေပေမယ့် ယူနိုက်တက်နဲ့ ဘိုင်ယန်တို့ကြား ဘာသဘောတူညီမှုမှ မရခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်သွားရချ်ိန်မှာ စပါးနည်းပြ ပိုစတီကိုဂလူးကိုယ်တိုင် တဲလ်ကို အသင်းဆီ ပြောင်းလာဖို့ စည်းရုံးနိုင်ခဲ့တာကြောင့် နောက်ဆုံးတော့ စပါးအသင်းကိုပဲ တဲလ်က ရွေးချယ်လိုက်ပါတယ်။

တဲလ်က ဘိုင်ယန်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နေရာကို ကျော်လွန်နိုင်ခြင်း မရှိခဲ့ပေမယ့် အခုတော့ ကိန်းရဲ့ အသင်းဟောင်းဆီ ပြောင်းလာခဲ့ပြီဖြစ်ပြီး ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့လည်း တဲလ်က “သူ(ဟယ်ရီကိန်း) ကျွန်တော့်ကို ပြောတာက ဒီအသင်းဟာ ကစားသမားကောင်းတွေ အများကြီးရှိတဲ့ ကလပ်အသင်းတစ်ခု ဖြစ်ပြီးတော့ သူတို့ရဲ့ အိမ်ကွင်းကလညး် အရမ်းကောင်းတယ်။”

Photo Credit : Goal

“အသင်းရဲ့ လေ့ကျင့်ရေးစင်တာကလည်း အရမ်းကောင်းတယ်။ အဲ့ဒီအသင်းဆီ သွားရင် သေချာပေါက် ပျော်ရွှင်ရလိမ့်မယ်လို့ ပြောပါတယ်။ ကျွန်တော် ဟယ်ရီကိန်းဆီကနေ ရလိုက်တဲ့ အရာအားလုံးက အပြုသဘောဆောင်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ကိန်းဟာ စပါးအသင်းမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ပြီး အခုလည်း သူ့အသင်းဟောင်းနဲ့ ပတ်သက်ပြီး အသင်းအပေါ် ချီးမွှမ်းတဲ့ စကားတွေကိုသာ ဆိုလာခဲ့ပါတယ်။

စပါးအသင်းကတော့ လက်ရှိအသင်းမှာ ဒဏ်ရာ ပြဿနာတွေ ကြုံတွေ့နေရပြီး ကစားသမား အများအပြားလည်း အနားယူနေရတာကြောင့် အခုဈေးကွက်အတွင်းမှာပဲ ဂိုးသမား ကင်စကီး နောက်ခံကစား ဒန်ဆိုနဲ့ တိုက်စစ်ကစားသမား တဲလ်တို့ကို အသင်းဆီ အရ ခေါ်ယူဖြည့်တင်းခဲ့ရတာပဲ ဖြစ်ပါတယ်။