စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဖြစ်သူ တေဗက်က လတ်တလောမှာ လာဘ်ထိုးမှုနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ စုံစမ်း စစ်ဆေးမှုကို ခံနေရတဲ့ ဘာစီလိုနာကသာ အမှန်တကယ် လာဘ်ထိုးမှုကို ကျူးလွန်ခဲ့ရင် ဘာစီလိုနာကို တန်းဆင်းခိုင်းမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

လာလီဂါရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက လာလီဂါ ဒိုင်ကော်မတီရဲ့ ဒုတိယ ဥက္ကဌဟောင်း နီဂရီရာကို ငွေကြေးတွေ လွှဲပေးခဲ့တာကြောင့် ဘာစီလိုနာမြို့ရဲ့ တရားရေးရာ တာဝန်ရှိသူတွေက ဘာစီလိုနာနဲ့ နီဂရီရာတို့ကို လာဘ်ပေးလာဘ်ယူလုပ်မှုနဲ့ စွဲချက်တင်ကာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Marca

ဘာစီလိုနာက ၂၀၀၂ခုနှစ် ကနေ ၂၀၁၈ခုနှစ် အတွင်းမှာ ဒုတိယ ဒိုင်ဥက္ကဌ ဖြစ်သူ နီဂရီရာရဲ့ ကုမ္ပဏီထံ စုစုပေါင်း ငွေကြေး ယူရို ၈သန်း ဝန်းကျင် လွှဲပေးခဲ့ပြီး အဆိုပါ ငွေကြေးတွေ လွှဲပေးခဲ့မှုတွေ အတွက် တိကျတဲ့ သက်သေတွေ ထွက်လာတာကြောင့် လာဘ်ထိုးမှုနဲ့ တရားစွဲခံခဲ့ရတာပါ။

ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက သူတို့အသင်းဟာ နီဂရီရာကို လာဘ်ထိုးကာ ဒိုင်လူကြီးတွေရဲ့ မျက်နှာသာပေးမှု ရအောင် လုပ်ခဲ့တာ မဟုတ်ကြောင်း ငြင်းဆိုထားသလို သူတို့ဟာ လာလီဂါပြိုင်ပွဲမှာ ရှိတဲ့ ဒိုင်လူကြီးတွေရဲ့ အရည်အသွေး မြှင့်တင်ရေး အတွက် လိုအပ်တဲ့ နေရာတွေမှာ သုံးစွဲဖို့ ငွေကြေးတွေ လှူဒါန်းခဲ့တာသာ ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းထားပါတယ်။

ဒါပေမယ့် ဘာစီလိုနာမြို့ တရားရုံးကတော့ ဘာစီလိုနာကို စွဲချက်တင်ကာ တရားရင်ဆိုင်ဖို့ အသိပေးထားကာ ဘာစီလိုနာကလည်း သူတို့ မကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် အမှန်တရား ပေါ်ထွက်လာအောင် လုပ်ဆောင်မယ်လို့ ကြွေးကြော်ပြီး တရားရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ ဘာစီလိုနာနဲ့ နီဂရီရာတို့ရဲ့ အမှုအတွက် မေးခွန်းထုတ် ဝေဖန်မှုတွေ များပြားနေပြီး လာလီဂါဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ တေဗက်ကတော့ သူ့အနေနဲ့ ဘာစီလိုနာဟာ နီဂရီရာကို လာဘ်ထိုးခဲ့တယ် ဆိုတာကို မယုံပေမယ့် ဘာစီလိုနာမှာ အပြစ်ကင်းကြောင်းကို သက်သေပြရမယ့် တာဝန် ရှိကြောင်း ၊ အကယ်၍ ဘာစီလိုနာကသာ လာဘ်ထိုးမှုကို အမှန်တကယ် ကျူးလွန်ခဲ့ရင် တန်းဆင်းခိုင်းမယ့် အပြင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်လို့ ဆိုလာပါတယ်။

တေဗက်က – “ကျွန်တော်ကတော့ ဘာစီလိုနာဟာ ဒိုင်လူကြီးတွေကို လာဘ်ထိုးဖို့ ကြိုးစားလိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သူတို့က အပြစ်ကင်းကြောင်းကို သက်သေပြဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူတို့ကသာ တကယ် အပြစ် ရှိခဲ့ရင် ကျွန်တော်က သူတို့ကို တန်းဆင်းခိုင်းပါမယ်။ ပြီးတော့ ယူရို သန်းပေါင်းများစွာကိုလည်း ဒဏ်ကြေးအဖြစ် ဆောင်ခိုင်းပါမယ်” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။