MySport Myanmar

ရိုနယ်ဒိုကို စပိန်မြေမှာ ပြန်မြင်ချင်ကြောင်း ထုတ်ပြောလာတဲ့ လာလီဂါဥက္ကဌ တေဗက်

စပိန်လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဌ တေဗက်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ လာလီဂါ နာမည်ကြီးကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို စပိန်မြေမှာ ပြန်မြင်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ပြောသွားပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ရီးရဲလ်မက်ဒရစ်နဲ့ အတူ လာလီဂါပြိုင်ပွဲမှာ ဆယ်စုနှစ် တစုနီးပါး ကစားခဲ့သူ ဖြစ်ပြီး လာလီဂါပြိုင်ပွဲမှာ ၂၉၂ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၃၁၁ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉၅ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ရိုနယ်ဒိုက လာလီဂါပြိုင်ပွဲရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမား ၁၀ဦး စာရင်းဝင်တဲ့ ဂန္တဝင် တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရပြီး ရိုနယ်ဒိုဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်မှာ ကစားနေပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ်ဝင်ခွင့်သာ ရခဲ့တာကြောင့် ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေပြီး လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်ဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Mirror

အက်သလက်တီကို မက်ဒရစ်ရဲ့ ပရိသတ်တွေက သူတို့အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ရိုနယ်ဒိုကို အလိုမရှိကြောင်း ဆန္ဒပြနေကြပေမယ့် လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဌဖြစ်သူ တေဗက်က ရိုနယ်ဒိုကို လာလီဂါပြိုင်ပွဲမှာ ပြန်လည် မြင်တွေ့လိုကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တေဗက်က – “ကျွန်တော်ကတော့ ရိုနယ်ဒိုကို လာလီဂါပြိုင်ပွဲမှာ နောက်တကြိမ် ထပ်မြင်ချင်ပါတယ်။ အက်သလက်တီကို မက်ဒရစ်က ရိုနယ်ဒိုကို ခေါ်နိုင်မလား ၊ မခေါ်နိုင်ဘူးလား ဆိုတာကိုတော့ သေချာမသိပါဘူး။ ဒါပေမယ့် သေချာတာက အက်သလက်တီကို မက်ဒရစ်ဟာ ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ ဆိုရင် သူတို့အသင်းရဲ့ ကစားသမား တချို့ကို အရင်ဆုံး ရောင်းထုတ်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်” လို့ သူ့ရဲ့ ဆန္ဒကို ပြောကြားသွားခဲ့တာပါ။

Exit mobile version