နာမည်ကျော် စပိန်လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဌ တေဗက် ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်း ကနေ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ တယောက် မထင်မှတ်ပဲ ထွက်ခွာခဲ့ရတာဟာ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ကြောင့် ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား တဦး ဖြစ်သလို လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်တာကြောင့် သူ့ကို ဆုံးရှုံးလိုက်ရတာဟာ ဘာစီလိုနာအတွက်ရော လာလီဂါပြိုင်ပွဲအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှု တခု ဖြစ်ခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ သမိုင်းတလျှောက် တခါမှ မဖြစ်ဖူးတဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပဲ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရတာ ဖြစ်ပြီး တဖက်မှာတော့ လာလီဂါ ဘောလုံးအဖွဲ့ချုပ်ဟာ ဘာစီလိုနာအသင်းကို ငွေကြေး ထုတ်ချေးပေးကာ မက်ဆီကို ဆက်လက် ထိန်းသိမ်းနိုင်အောင် ကူညီဖို့ ကြိုးစားခဲ့ပါသေးတယ်။

အဆိုပါ ငွေကြေးထုတ်ချေးရေး အစီအစဉ်ကို CVCလို့ အမည်ပေးထားပြီး ဘာစီလိုနာအသင်းဟာ CVC အစီအစဉ်ကို လက်ခံခဲ့ပါက ယူရို ၂၅၀သန်း အထိ ချေးငွေ ရရှိမှာ ဖြစ်သလို မက်ဆီကိုလည်း အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်မှာ ဖြစ်ပေမယ့် အဆုံးသတ်မှာတော့ ဘာစီလိုနာအသင်းဟာ CVCကို လက်ခံဖို့ ငြင်းဆန်ခဲ့သလို မက်ဆီကိုလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့ပါတယ်။

Photo Credit: Marca

လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဌ တေဗက်ကတော့ မက်ဆီကို ဘာစီလိုနာအသင်း ကနေ ထွက်ခွာရအောင် အဓိက လုပ်ခဲ့တဲ့ တရားခံဟာ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ် ဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ပီရက်ဇ်ရဲ့ စကားကို နားထောင်ပြီး CVCကို လက်ခံဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

တေဗက်က – “ဘာစီလိုနာအသင်းက CVCကို လက်ခံမယ် ဆိုပြီး တလလောက် သဘောတူခဲ့ပါတယ်။ အဲ့ဒီနောက် ရီးရဲလ်မက်ဒရစ်က CVCကို လက်မခံကြောင်း ပြောလိုက်တာနဲ့ သူတို့ကပါ သဘောမတူတော့ပါဘူး။ ဖလော်ရန်တီနို (ပီရက်ဇ်) က ဘာစီလိုနာအသင်းရဲ့ အတွင်းပိုင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်အောင် လုပ်ခဲ့တဲ့ အဓိက တရားခံပါ။ ဘာစီလိုနာ ကနေ မက်ဆီ ထွက်ခဲ့တာကို မြင်ရတာက အတော်လေး နာကျင်ဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က မက်ဆီဟာ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ယုံကြည်ထားလို့ပါပဲ” ဆိုပြီး ဆိုခဲ့တာပါ။