ဥရောပရဲ့ ထိပ်သီးလိဂ် ၅ခုအနက် တခု ဖြစ်တဲ့ လာလီဂါရဲ့ ဥက္ကဌဖြစ်သူ ဂျာဗီယာ တေဘက်စ် ကတော့ သူတို့လိဂ်ရဲ့ ထိပ်တန်းအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကမ္ဘာ့အကောင်းဆုံး လူငယ်တိုက်စစ်မှူး နှစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ အမ်ဘာပေနဲ့ ဟာလန်းတို့ နှစ်ဦးစလုံးကို တပြိုင်နက်ထဲ ခေါ်ယူနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

စပိန်လာလီဂါရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူလေ့ ရှိတဲ့ အသင်းတသင်း ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာလည်း သူတို့အသင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်း ဘာနေဗျူးကို စပိန်နိုင်ငံရဲ့ ခေတ်ရှေ့ပြေး ကွင်းကြီးတကွင်း ဖြစ်လာအောင် ယူရို ၁ဘီလီယံကျော် အသုံးပြုကာ ပြုပြင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ၅ခု အတွင်းမှာ လူအင်အား ဖြည့်တင်းမှု အနည်းငယ်ကိုသာ ပြုလုပ်ပြီး ငွေကြေးတွေ စုဆောင်းထားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိ လူစာရင်းဟာ လွန်ခဲ့တဲ့ ၅နှစ်ကာလမှာ ပိုင်ဆိုင်ခဲ့တဲ့ လူစာရင်းနဲ့ များစွာ ကွာခြားလှခြင်း မရှိသလို အသင်းရဲ့ အဓိက ကစားသမားတွေကလည်း အသက်အရွယ် ရလာတာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှ စတင်ကာ အသင်းကို သွေးသစ်လောင်းဖို့ ပြင်ဆင်နေပြီး သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားတွေ ကတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေနဲ့ ဒေါ့မွန် တိုက်စစ်မှူး အာလင်း ဟာလန်းတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ပီအက်စ်ဂျီနဲ့ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေသလို ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးကလည်း ယူရို ၇၅သန်း ဝန်းကျင်သာ ရှိတာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ စုစုပေါင်း ယူရို ၃၀၀သန်း ဝန်းကျင် သုံးစွဲပါက သူတို့နှစ်ဦးစလုံးကို အမိအရ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။

စပိန်လာလီဂါရဲ့ ဥက္ကဌ ဖြစ်သူ တေဘက်စ်ကတော့ သူတို့လိဂ်ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ အမ်ဘာပေနဲ့ ဟာလန်းတို့ နှစ်ဦးစလုံးကို စပိန်မြေမှာ မြင်တွေ့ချင်နေပြီး ရီးရဲလ်မက်ဒရစ်က သူတို့နှစ်ဦးစလုံးကို ခေါ်ယူနိုင်ကြောင်းလည်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ တေဘက်စ်က – “ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေနဲ့ ဟာလန်းတို့ နှစ်ယောက်စလုံးကို ခေါ်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တခြားအသင်းတွေရဲ့ (အထူးသဖြင့် ဘာစီလိုနာနဲ့ ဂျူဗင်တပ်) ဘဏ္ဍာရေး အခြေအနေက အတော်လေး ဆိုးဝါးနေလို့ပါ” လို့ ပြောကြားသွားခဲ့တာပါ။