ကမ္ဘာပေါ်မှာ ဒုတိယမြောက် ပရိသတ် အင်အားအများဆုံး လိဂ်အဖြစ် သတ်မှတ်ခံထားရတဲ့ စပိန် လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဌ ဖြစ်သူ တေဗက် ကတော့ သူတို့လိဂ်ရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဖြစ်သူ အန်ဆုဖာတီဟာ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ အမ်ဘာပေထက်တောင် ပိုကောင်းနိုင်ကြောင်း သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ လူငယ်ကြယ်ပွင့် အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား ဖြစ်ပြီး အနာဂတ်မှာ ဘာစီလိုနာအသင်းနဲ့ စပိန်အသင်း အတွက် မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရသူပါ။

Photo Credit: Marca

အန်ဆုဖာတီဟာ အသက် ၁၇နှစ် အရွယ်ထဲက ဘာစီလိုနာအသင်း အတွက် ပါဝင် ကစားခွင့် ရထားသလို ဘာစီလိုနာအသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၇ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အန်ဆုဖာတီက စပိန်အသင်း အတွက် ၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ပါတယ်။

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ် ပြင်သစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး အနာဂတ်မှာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့ အဆင့်အတန်းမျိုးကို လိုက်မှီနိုင်ချေ ရှိတဲ့ တဦးထဲသော ကစားသမား အဖြစ် ထင်ကြေးပေးခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဌ ဖြစ်သူ တေဗက်ကတော့ သူတို့လိဂ်ရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဖြစ်သူ ဖာတီက အမ်ဘာပေလိုမျိုး ဘောလုံးလောကကို လွှမ်းမိုးနိုင်စွမ်း ရှိကြောင်းနဲ့ အမ်ဘာပေထက်တောင် ပိုပြီး ကောင်းလာနိုင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တေဗက်က – “ကျွန်တော်တို့နိုင်ငံရဲ့ ကလပ်အသင်းတွေဟာ စပိန်နိုင်ငံရဲ့ ပြင်ပက ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေပြီး ခေါ်ယူဖို့ အမြဲတမ်း ကြိုးစားလေ့ ရှိပါတယ်။ ကျွန်တော်တို့မှာ အန်ဆုဖာတီလို လူငယ်ကြယ်ပွင့် ကစားသမား ရှိပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူက ဒဏ်ရာတွေ ဆက်တိုက် ရရှိနေပေမယ့် သူဟာ သူ့ရဲ့ခြေစွမ်းက အမ်ဘာပေနဲ့ တန်းတူ (ဒါမှမဟုတ်) အမ်ဘာပေထက်တောင် ပိုကောင်းကြောင်း ပြသထားနိုင်သူပါ” လို့ ဖွင့်ဟသွားခဲ့တာပါ။