လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဂျာဗီယာ တေဗက် ကတော့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ပွဲပယ်ခံရမှု ပြစ်ဒဏ်ကို ဖျက်သိမ်းပေးလိုက်တဲ့ အားကစားခုံရုံး CASရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း ဖြစ်တဲ့ မန်စီးတီး အသင်းဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ UEFA ရဲ့ နာမည်ကျော် ဘဏ္ဏာရေစည်းမျဉ်း ဖြစ်တဲ့ FFP စည်းမျဉ်းကို ချိုးဖောက်ခဲ့မှုကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ၂နှစ် ပွဲပယ်ပြစ်ဒဏ် နဲ့အတူ ဒဏ်ငွေ ယူရို၃၀သန်းအထိ ပေးဆောင် ရမယ်လို့ UEFA ရဲ့ ဒဏ်ရိုက်မှုကို ခံခဲ့ရပေမယ့် အဆိုပါ ပြစ်ဒဏ်ချမှုကို မန်စီးတီးအသင်းက မကျေနပ်တာကြောင့် အားကစားခုံရုံးဖြစ်တဲ့ CAS ဆီ အယူခံဝင်ခဲ့ပါတယ်။

Photo Credit: ESPN

အားကစားခုံရုံး (CAS) ကတော့ မန်စီးတီးအသင်းရဲ့ အယူခံမှုအပေါ် စစ်ဆေးခဲ့ပြီး အဆိုပါ စစ်ဆေးမှုရဲ့ တရားဝင် အမိန့်ချမှတ်မှုကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြုလုပ်ခဲ့ပြီး CAS ဟာ UEFA ကနေ မန်စီးတီးအသင်းကို ချမှတ်ထားတဲ့ ချန်ပီယံလိဂ် ၂နှစ်ပွဲပယ် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့သလို ဒဏ်ငွေကိုလည်း ယူရို၃၀သန်း ပေးရမယ့် နေရာမှာ ယူရို၁၀သန်းသာ ပေးချေရတော့မယ် လို့ ပြစ်ဒဏ်ကို ပြန်လည် ပြင်ဆင်သွားပါတယ်။ လက်ရှိမှာတော့ CASရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန် နေတဲ့ ဘောလုံးကျွမ်းကျင်သူတွေ ၊ ဘောလုံး နည်းပြတွေ အများအပြား ရှိနေပြီး နောက်ဆုံးမှာတော့ လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဌ တေဗက်ပါ ပါဝင်လာခဲ့ပါတယ်။ တေဗက်ကတော့ မန်စီးတီးအသင်းနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ခဲ့တဲ့ CAS ရဲ့ ဆုံးဖြတ်ချက်ဟာ အမှားကြီး မှားခဲ့တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: ESPN

မန်စီးတီးအသင်းရဲ့ အယူခံဝင်မှုအပေါ် CAS ရဲ့ ဆုံးဖြတ်ချက်ကို တေဗက်က ” မန်စီးတီး အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ကစားခွင့်ရတော့မှာပါ။ ဒါဟာ သူတို့ရဲ့လုပ်ရပ်က မှန်ကန်တယ်လို့ ဆိုလိုတာ မဟုတ်ပဲ CAS ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့တာကို ပြသနေပါတယ်။ ပြောရရင် CAS ဟာ မန်စီးတီးအသင်းကို ဒဏ်ငွေ ယူရို ၁၀သန်း ပေးဆောင်ခိုင်းပေမယ့် ဒါဟာ သူတို့ရဲ့ ပြစ်ဒဏ်အတွက် မလုံလောက်ပါဘူး။ ပြီးတော့ ကျွန်တော် ကြားမိသလောက်ဆို ဒီအယူခံကို ဆုံးဖြတ်ဖို့အတွက် သူတို့ဟာ UEFAနဲ့ မပူးပေါင်းခဲ့ဘူးလို့ သိရပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲ။ မန်စီးတီးအသင်းက အချက်အလက်တွေကို လျို့ဝှက်ထားတာခဲ့တာများလား။ တကယ်လို့သာ အခွင့်အရေးရှိရင် သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေကို ကျွန်တော် ဖတ်ရှုချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖတ်ရှုခွင့်ရမှာ မဟုတ်ပါဘူး ” လို့ ဝေဖန်သွားခဲ့တာပါ။