စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ် လာလီဂါရဲ့ ဥက္ကဌဖြစ်သူ တေဘက်ကတော့ သူတို့လာလီဂါပြိုင်ပွဲရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ ဒေဝါလီခံရမယ့် အသင်း မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကတ်တလန်တာ အခြေစိုက် အင်အားကြီးကလပ် ဘာစီလိုနာက ပြီးခဲ့တဲ့ ၃နှစ် အတွင်းမှာ ဘဏ္ဍာရေး အကြပ်အတည်းကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ အသင်း ဖြစ်ပြီး ဘဏ္ဍာရေး အကြပ်အတည်းကြောင့်ပဲ ၂၀၂၁ခုနှစ် အတွင်းမှာ ဘာစီလိုနာဟာ ဒေဝါလီ ခံရတော့မယ် ဆိုတဲ့ ကောလာဟလ သတင်းတွေတောင် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ဘာစီလိုနာရဲ့ ဥက္ကဌသစ် လာပေါ်တာက အသင်းရဲ့ အခြေအနေကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပြီး အကြွေးတွေကို ပေးချေနိုင်ဖို့ ၁၀နှစ်စာ ရုပ်သံလွှင့်ခရဲ့ ရာခိုင်နှုန်း တချို့တဝက်ကို ရောင်းချတာ ၊ အမေရိကန်ဘဏ်တွေ ကနေ တဆင့် နှစ်ရှည် အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးယူတာ ၊ ဘာစီလိုနာအသင်းက ပိုင်ဆိုင်တဲ့ ဘာစီလိုနာ စတူဒီယိုကို ရောင်းချရာ ကနေ တဆင့် ငွေကြေးတွေ ရှာဖွေကာ အသင်းရဲ့ ဆိုးဝါးလှတဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ရုံသာမကပဲ လာပေါ်တာဟာ အသင်းအတွက် ယခုနှစ် နွေဈေးကွက် အတွင်းမှာ ထိပ်သီး ကစားသမား အများအပြားကိုပါ ခေါ်ယူပေးခဲ့ပါသေးတယ်။

ဘာစီလိုနာက သူတို့အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို အတတ်နိုင်ဆုံး ဖြေရှင်းနိုင်ခဲ့ပေမယ့် ဥရောပရဲ့ နာမည်ကြီး ပုဂ္ဂိုလ်တချို့ကတော့ ဘာစီလိုနာဟာ အနာဂတ်မှာ ဒေဝါလီ ခံရနိုင်ချေ ရှိနေကြောင်း ယုံကြည်နေဆဲ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူ တချို့ကဆိုရင် ဘာစီလိုနာဟာ လာမယ့် ၂နှစ် ၊ ၃နှစ် အတွင်းမှာပဲ ဘောလုံးလောက ကနေ ပျောက်ကွယ်သွားနိုင်ကြောင်း နီးစပ်ရာလူတွေကို ထုတ်ဖော် ပြောဆိုထားကြတဲ့ အထိ ဘာစီလိုနာရဲ့ ပုံရိပ်က ကျဆင်းနေပါတယ်။

Photo Credit: Marca

ဒါပေမယ့် လာလီဂါဥက္ကဌ ဖြစ်သူ တေဘက်ကတော့ ဘာစီလိုနာဟာ ဘယ်တော့မှ ဒေဝါလီခံရမယ့် အသင်း မဟုတ်ကြောင်းနဲ့ ဘာစီလိုနာရဲ့ နာမည်အောက်မှာ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေက များလွန်းတာကြောင့် ဘာစီလိုနာအနေနဲ့ အလွယ်တကူ ငွေကြေး ရှာဖွေလို့ ရကြောင်း ထုတ်ပြောခဲ့ပါတယ်။

တေဘက်က – “လာလီဂါအဖွဲ့ချုပ်က ဘာစီလိုနာကို ကစားသမားသစ်တွေ စာရင်းသွင်းရာမှာ ကူညီခဲ့တာမျိုး မရှိပါဘူး။ ဘာစီလိုနာက ခွန်ဒေကို စာရင်းသွင်းနိုင်ဖို့ အာမခံချက် တချို့ ပေးဖို့ လိုအပ်ခဲ့ပြီး သူတို့က တကယ်တမ်းလည်း စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာက ဒေဝါလီခံရဖို့ နီးစပ်နေတဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ဘာစီလိုနာမှာ ပိုင်ဆိုင်မှုတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် သူတို့က သူတို့ရဲ့ မြင့်မားနေတဲ့ လုပ်ခလစာ နှုန်းထားကိုတော့ လျှော့ချနိုင်ဖို့ လိုအပ်ပါသေးတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။