လာလီဂါ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ တေဗက်ကတော့ လာလီဂါအဖွဲ့ချုပ်ဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာကို လာမယ့် နွေဈေးကွက်မှာ ကစားသမားသစ် ခေါ်ခွင့် ပေးမှာ မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လာလီဂါရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက မကြာသေးမီကပဲ စပိန်စူပါဖလားကို ရယူနိုင်ခဲ့သလို လာလီဂါပြိုင်ပွဲရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်ကာ စပိန် ကိုပါဒယ်ရေးပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် အထိ တက်လှမ်းထားပါတယ်။

Photo Credit: Mundo Deportivo

ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ တောက်လျှောက် ပြသထားနိုင်ခဲ့ပေမယ့် သူတို့အသင်းရဲ့ ဘဏ္ဍာရေးပိုင်းဟာ အတော်လေး အားနည်းနေဆဲ ဖြစ်ပြီး ဝင်ငွေလျော့နည်းနေချိန်မှာ ကစားသမားတွေကို မြင့်မားတဲ့ လုပ်ခလစာတွေ ပေးချေနေရတာကြောင့် ဘာစီလိုနာရဲ့ ဘဏ္ဍာရေးပိုင်းမှာ လိုငွေတွေ အတော်လေး များပြားနေပါတယ်။

ဒါကြောင့်ပဲ တေဗက် ဦးဆောင်နေတဲ့ လာလီဂါ ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ဘာစီလိုနာကို ကစားသမားသစ် ခေါ်ယူခွင့် မပေးခဲ့ပဲ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တေဗက်က သူတို့ဟာ ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းပေးချင်တာကြောင့် လာမယ့် နွေဈေးကွက်မှာလည်း ဘာစီလိုနာကို ကစားသမားသစ် ခေါ်ယူခွင့် မပေးဖို့ စီစဉ်ထားကြောင်း ထုတ်ပြောသွားခဲ့ပါတယ်။

Photo Credit: Mundo Deportivo

တေဗက်က – “ဒီနေ့အထိ ရထားတဲ့ အချက်အလက်တွေ အရ ပြောရရင် ဘာစီလိုနာက လာမယ့် နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် ခေါ်နိုင်မယ့် ဘဏ္ဍာရေး အခြေအနေမျိုးကို မပိုင်ဆိုင်ထားပါဘူး။ ဘာစီလိုနာက လာလီဂါပြိုင်ပွဲကို ထိခိုက်စေနိုင်လောက်တဲ့ အပြုအမူတွေ လုပ်ဆောင်ထားပြီး ကျွန်တော်တို့က စည်းကမ်းတွေနဲ့အညီ ဘာစီလိုနာရဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်းနေပါတယ်။ ကျွန်တော်တို့က ဘာစီလိုနာကို ကစားသမားသစ် ခေါ်ယူခွင့် လုံးဝ ပေးမှာ မဟုတ်ပါဘူး။ ဘာစီလိုနာက သူတို့ရဲ့ ရုပ်သံလွှင့်ခတွေကို ပေါင် ၆၂၀သန်းနဲ့ ရောင်းချပြီး ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့က လာမယ့်ရာသီမှာ ဒီလိုမျိုး လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘဏ္ဍာရေးပိုင်းနဲ့ ပတ်သတ်ပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပါတယ်။ ကျွန်တော်တို့က အပြောင်းအရွှေ့ရာသီ တခု ပြီးတိုင်းမှာ အသင်းတွေကို သူတို့တွေ အပြောင်းအရွှေ့ ဈေးကွက်တွေထဲမှာ ဘယ်လောက် အထိ သုံးလို့ ရသလဲ ဆိုတာ ပြောပြပါတယ်။ လက်ရှိအချိန်မှာ ဘာစီလိုနာက သူတို့ရဲ့ အသုံးစရိတ်ကို ပေါင် ၅၃၂သန်း ကနေ ပေါင် ၃၉၉သန်း အထိ လျှော့ချဖို့ လိုနေပါတယ်။ ဒါကြောင့် သူတို့မှာ လိုငွေ ပေါင် ၁၇၇သန်း အထိ ပြနေပါတယ်။ သူတို့က ကစားသမားတွေရဲ့ လုပ်ခလစာတွေကို လျှော့ချဖို့ လိုအပ်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့က သူတို့ကို ကစားသမားတွေ ရောင်းချဖို့လည်း တိုက်တွန်းထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က ကစားသမား တယောက်ကို ရောင်းလိုက်ရင် အဲ့ဒီ ပြောင်းရွှေ့ကြေးရဲ့ ၄၀ ရာခိုင်နှုန်းကို သူတို့ရဲ့ အသုံးစရိတ်ထဲ ထည့်သွင်းလို့ ရလို့ပါ” ဆိုပြီး ဘာစီလိုနာရဲ့ အခြေအနေကို အသေးစိတ် ရှင်းပြသွားခဲ့တာပဲ ဖြစ်ပါတယ်။