ဒီနှစ်ဘောလုံးရာသီအတွင်း စပိန်လာလီဂါ စပိန်စူပါဖလား စပိန်ဘုရင့်ဖလား(သို့) ကိုပါဒယ်ရေးဖလား အားလုံးကို လက်လွတ်ထားခဲ့ရတဲ့ ကမ္ဘာပေါ်က ထိပ်တန်းဘောလုံးအသင်းကြီး ဘာစီလိုနာအသင်းရဲ့ အနာဂတ်တွေက ဝေဝါးလို့နေပါတယ်။ နည်းပြအပြောင်းအလဲတွေအောက်မှာ မတည်မငြိမ်ဖြစ်နေရတဲ့ အသင်းသားတွေနဲ့ ဘုတ်အဖွဲ့ဝင်တွေကြားမှာလည်း မကျေနပ်မှုတွေကလည်း ရှိလို့နေပြန်ပြီး အဆိုးဆုံးကတော့ ကိုဗစ်ပြသာနာကြောင့် အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကလည်း ယိုင်နဲ့လာခဲ့ရပြီး ဒီရာသီအတွင်းမှာလည်း ဘာအောင်မြင်မှု မရယူနိုင်ခဲ့တာကြောင့်ပါ ဘဏ္ဍာရေးအခြေအနေက တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်သွားခဲ့ရပါတယ်။

ဆိုတော့ကာ ဘာစီလိုနာအေသင်းမှာ အပြောင်းအလဲတွေလုပ်ဖို့ မဖြစ်မနေကို လိုအပ်နေပါတယ်။ အသင်းအတွက် အမှန်တကယ် လိုအပ်မယ့် ကစားသမားသစ်တွေကို ခေါ်ယူသွားရမယ်။ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ဆွဲခေါ်နိုင်မယ့် နည်းပြမျိုးနဲ့ လက်ရှိနည်းပြဆက်တီယန်ကို လဲလှယ်ရမယ်။ ဒါတွေကို လုပ်ဆောင်ဖို့အတွက် အရင်းနှီးလိုမယ်။ ဒီကိစ္စအတွက် အလွယ်ကူဆုံး ဖြေရှင်းနည်းက အသင်းက ကစားသမားတွေကို ထုတ်ရောင်းတာပါပဲ။ ဘာစီလိုနာက ကစားသမားဆိုရင် မလိုချင်တဲ့ အသင်းရယ်လို့တော့ ရှိမယ်မထင်ပါဘူး။ အနည်းဆုံးတော့ အသင်းငယ်လေးတွေက ခေါ်ယူချင်ကြမှာပဲလေ။ ဒါကြောင့်လည်း ဘာစီလိုနာက လာမယ့်ရာသီမှာ ကစားသမား(၁၂)ယောက်လောက်အထိ ရောင်းချသွားဖွယ်ရှိနေတာပါ။

ဒီကစားသမားတွေက ဆီမီဒို ၊ ဗီဒယ် ၊ ရာကီတစ် ၊ အမ်တီတီ ၊ နက်တို ၊ ဖယ်လ်ပို ၊ ဒမ်ဘီလီ ၊ ဘရေ့ဝိတ်တို့အပြင် အသင်းကနေ အငှားချထားခဲ့တဲ့ ကော်တင်ဟို ၊ အယ်လီနာ ၊ ရာဖင်ဟာ ၊ တိုဒီဘိုတို့ပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ဒီကစားသမားတွေကို ရောင်းလို့ရသလောက် ရောင်းချပြီး ရောင်းလို့မရတဲ့အဆုံး ကစားသမားသစ်ခေါ်ယူရမှာ အလိုက်ပေးကမ်းလှမ်းတာတွေနဲ့ အသုံးချဖွယ် ရှိနေပါတယ်။ ကော်တင်ဟို ဒမ်ဘီလီတို့လို ကစားသမားတွေကတော့ သူတို့ရဲ့ပြောင်းရွှေ့ကြေး နည်းပါးနေမယ်ဆိုရင်တောင် ဒီကစားသမားတွေရဲ့လစာပမာဏတွေက မြင့်မားလွန်းတာကြောင့် ခေါ်ယူချင်မယ့် အသင်းအရေအတွက်က နည်းပါးလာနိုင်ပါတယ်။ ဘာစီလိုနာကလည်း အင်တာက မာတီနက်ဇ်တို့ မန်စီးတီးက ဂါဆီယာတို့ ဘိုင်ယန်က အလာဘာတို့က ခေါ်ယူချင်နေတာဖြစ်လို့ ပြောင်းရွှေ့ကြေးတွေက အနည်းဆုံးတော့ ပေါင်သန်း(၂၀၀)ဝန်းကျင်လောက် သုံးစွဲရနိုင်တဲ့အတွက် ကစားသမားရောင်းချမှု ဒါမှမဟုတ် အလိုက်ပေးမှုတွေကတော့ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်နေပြီး ထပ်ပြီးအသင်းအတွက် အကျိုးမရှိတဲ့ ခေါ်ယူမှုတွေ မဖြစ်စေဖို့လည်း လိုအပ်ပါသေးတယ်။