ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ မိုနာကို ကွင်းလယ်လူ ချူအိုမီနီကတော့ သူ့ရဲ့ စံပြ ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားပါတယ်။

အသက် ၂၁နှစ် အရွယ် ကွင်းလယ်ခံစစ် ကစားသမား ချူအိုမီနီအသင်းဟာ မိုနာကိုအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ပြင်သစ် လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခံထားရတဲ့ ကစားသမားကောင်း တဦး ဖြစ်ပါတယ်။

Photo Credit: Standard

ချူအိုမီနီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘော်ဒိုးအသင်း ကနေ မိုနာကိုအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မိုနာကိုအသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားပါတယ်။

ချူအိုမီနီဟာ ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ အဝေးဘော ပေးပို့မှု ကောင်းမွန်ခြင်း ၊ နေရာလွတ်တွေကို ရှာဖွေနိုင်စွမ်းရှိခြင်း ၊ အဝေးကန်ချက် ကောင်းမွန်ခြင်း စတဲ့ အရည်အသွေးတွေကြောင့် သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ ရရှိအောင် စွမ်းဆောင်နိုင်စွမ်း ရှိပြီး သူ့ကို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါလ်ပေါ့ဘာနဲ့ ခိုင်းနှိုင်းမှုတွေလည်း ရှိပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ ချူအိုမီနီက သူဟာ ငယ်စဉ်ကတည်းက ပေါ့ဘာကို သဘောကျခဲ့သူ ဖြစ်ကြောင်းနဲ့ ပေါ့ဘာ ၊ ကန်တီတို့လို ကစားသမားကောင်းတွေနဲ့ ပြင်သစ်အသင်းမှာ တွဲကစားရတော့မှာကို စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ချူအိုမီနီက – “ကျွန်တော်က ပေါ့ဘာ လုပ်ခဲ့တဲ့ အရာအားလုံးကို လိုက်လုပ်ခဲ့ပါတယ်။ သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတဲ့ အချိန်ထဲက သူ့ကို အားကျခဲ့ရတာပါ။ အခုတော့ ကျွန်တော်က သူရယ် ကန်တီရယ်နဲ့ တွဲဖက် ကစားခွင့်ရမယ့် အခွင့်အလမ်းကို ရရှိနေပါပြီ။ သူတို့နှစ်ယောက်လုံးက သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ အောင်မြင်မှုပေါင်း များစွာ ရယူထားနိုင်တဲ့ ကစားသမားတွေပါ။ ဒါကြောင့် ကျွန်တော်က သူတို့တွေ ဘာတွေလုပ်လဲ ဆိုတာကို လိုက်ကြည့်ပြီး အတုယူခဲ့ပါတယ်” လို့ ပြောကြားခဲ့တာပါ။