လက်ရှိမှာ ဒေါ့မွန်အသင်းကို ကိုင်တွယ်နေတဲ့ ဂျာမနီလူမျိုး ဘောလုံးနည်းပြ အီဒင် တာဇစ်ကတော့ ဒေါ့မွန်ကို ၂၀၁၂-၂၀၁၃ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ဆီ ပထမဆုံးအကြိမ်အဖြစ် ပို့ဆောင်ပေးနိုင်ခဲ့ပါပြီ။

ဒေါ့မွန်ဟာ တကယ်တော့ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာပါ ပီအက်စ်ဂျီ နယူးကာဆယ် အေစီမီလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ဒီမရဏအုပ်စုကနေ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ မလွယ်ကူနိုင်လောက်ဘူးလို့ ထင်ခဲ့ရပေမယ့်လည်း ဒေါ့မွန်က အုပ်စုဗိုလ် နေရာနဲ့ပါ ရှုံးထွက်အဆင့်ဆီကို တက်လှမ်းခဲ့ပါတယ်။

Photo Credit : Borussia Dortmund

ဒီရာသီထဲ ဒေါ့မွန်က ဘွန်ဒက်စ်လီဂါမှာပါ ရုန်းကန်နေရပြီး အမှတ်ပေးဇယားထဲ အဆင့်(၅)နေရာအထိတောင် ရောက်ရှိနေရသလို ပိုကယ်ဖလားပြိုင်ပွဲမှာလည်း စတုဂတ်ကို ရှုံးထွက် (၁၆)သင်းအဆင့်မှာ ရှုံးနိမ့်ခဲ့ရင်း ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဘက်မှာတော့ ဒေါ့မွန်က ဖိုင်နယ်အဆင့်ထိပါ အံ့အားသင့်စဖွယ် တက်လှမ်းထားနိုင်ခဲ့ပါတယ်။

တကယ်တော့ အခုလို ဖိုင်နယ်အဆင့်ဆီ ရောက်ရှိခဲ့တာဟာ အသင်းနည်းပြ တာဇစ်ရဲ့ စွမ်းဆောင်မှုတွေက အဓိကကျခဲ့ပါတယ်။ မထင်မရှား ဘောလုံးသမားဘဝကို ဖြတ်သန်းခဲ့တဲ့ တာဇစ်ဟာ ဒေါ့မွန်မှာတော့ ကင်းထောက်နဲ့ လူငယ်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့သလို ယာဂန် ကလော့ လက်အောက်မှာပါ ရီပို့တွေ ပို့ဆောင်ပေးရတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

Photo Credit : Ben Jacob

ဒါ့အပြင် ခရိုအေးရှား နည်းပြကြီး ဘီလစ်ရဲ့ လက်ထောက်အဖြစ် ဘက်ဆစ်တက်နဲ့ ဝက်စ်ဟမ်းတို့မှာ ပါဝင်ခဲ့ဖူးသေးသလို ၂၀၁၈မှာပဲ ဒေါ့မွန်အသင်းဆီ နည်းပြအဖွဲ့ဝင်အဖြစ် ပြန်လည် ရောက်ရှိခဲ့ပါတယ်။ တာဇစ်က ၂၀၂၀နှစ်ကုန်ပိုင်းမှာ ဒေါ့မွန်ရဲ့ ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ရင်း အဲ့ဒီရာသီမှာပဲ ပိုကယ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ့မွန်က နောက်နည်းပြသစ် ခန့်အပ်လိုက်လို့ တာဇစ်က ဒေါ့မွန်ရဲ့ နည်းစနစ် ဒါရိုက်တာ ရာထူးကို ပြောင်းလဲ ရယူခဲ့ရပါတယ်။

ဒါပေမယ့် ရာသီကုန်မှာလည်း ဒေါ့မွန်က တာဇစ်ကိုသာ နည်းပြရာထူး ပြန်လည် ပေးအပ်ခဲ့ရာ အခုဆိုရင် တာဇစ်က ဒေါ့မွန်ကို ချန်ပီယံလိဂ် ဖိုင်နယ်အထိ ပို့ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တာဇစ်ဟာ ဒေါ့မွန်အသင်း ၂၀၁၂ခုနှစ်က ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ခဲ့ချိန်တုန်းကလည်း ကွင်းထဲမှာ ပရိသတ်တစ်ဦးလို အားပေးခဲ့သလို အခု (၁၂)နှစ်အကြာမှာတော့ တာဇစ်က သူ သိပ်အားပေးခဲ့ရတဲ့ ဒေါ့မွန်ကို ချန်ပီယံလိဂ် ဖိုင်နယ်ထိပါ ပို့ဆောင်လိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။