MySport Myanmar

အီရန်ကြယ်ပွင့် တိုက်စစ်မှူး တာရဲမီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ စပါး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုရဲ့ အဓိက တိုက်စစ်မှူး တာရဲမီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရှခီယာက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

စပါးက ယခု နွေဈေးကွက်အတွင်းမှာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို လက်လွှတ်ရဖို့ နီးစပ်နေတာကြောင့် ဟယ်ရီကိန်း ထွက်သွားရင် အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ပေးမယ့် ထိပ်တန်း တိုက်စစ်မှူးတွေကို လိုက်လံ ချိတ်ဆက်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၃၁နှစ် အရွယ် အီရန်လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး တာရဲမီကလည်း စပါးရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေသူ ဖြစ်ပြီး စပါးက တာရဲမီကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံ ဆွေးနွေးနေသလို ပေါ်တိုနဲ့ တရားဝင် ဆွေးနွေးမှုတွေလည်း ပြုလုပ်ထားပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ရှခီယာရဲ့ ဖော်ပြချက်အရ စပါးက ယမန်နေ့ညပိုင်းမှာပဲ တာရဲမီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီး စပါးက တာရဲမီကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Football London

စပါးက တာရဲမီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရပြီးနောက် ပေါ်တိုနဲ့ တာရဲမီရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆက်လက် ဆွေးနွေးဖို့ ပြင်ဆင်ထားပြီး ပေါ်တိုက တာရဲမီအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေပေမယ့် စပါးကတော့ တာရဲမီအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ဝန်းကျင်သာ ပေးချေချင်နေပါတယ်။

စပါးက တာရဲမီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပေမယ့် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းကို လက်လွှတ်ရမှသာ တာရဲမီကို ခေါ်ယူသွားမှာ ဖြစ်ပြီး အကယ်၍ ဟယ်ရီကိန်းကသာ အသင်းမပြောင်းဖြစ်ခဲ့ရင် တာရဲမီကို ခေါ်ယူမှာ မဟုတ်ပါဘူး။

Exit mobile version