အင်တာမီလန်အသင်းဟာ စပါးအသင်းမှာ ပုံမှန်နေရာတစ်နေရာရဖို့ ရုန်းကန်နေရတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီကို ခေါ်ယူဖို့အတွက် ကနဦးဆက်သွယ်မှုတွေ ပြုလုပ်လာခဲ့တယ်လို့ Sky Sports အီတလီအားကစားမီဒီယာကနေ ဖော်ပြလာခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း စပါးအသင်းကနေ ထွက်ခွာချင်နေတဲ့အတွက် အမ်ဒွန်ဘီလီအနေနဲ့ အဲရစ်ဆင်နောက်ပိုင်း အင်တာမီလန်အသင်းဆီကို ထပ်မံရောက်ရှိလာမယ့် နောက်ထပ်စပါးကစားသမားတစ်ယောက်ပါ ဖြစ်လာဖွယ်ရှိနေပါတယ်။

Photo Credit : Sky Sports

အသက်(၂၃)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီဟာ ပြီးခဲ့တဲ့နွေစျေးကွက်ကမှ လိုင်ယွန်အသင်းကနေ စပါးအသင်းဆီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့အပြင် ပိုချက်တီနိုရဲ့နေရာ မော်ရင်ဟိုပြောင်းလဲကိုင်တွယ်ချိန်မှာတော့ အမ်ဒွန်ဘီလီရဲ့ အခန်းကဏ္ဍာက ပိုမိုမှေးမှိန်လာခဲ့ပြီး ကိုဗစ်အလွန် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်မှာလည်း (၂)ပွဲသာ ပါဝင်ခဲ့ရကာ အဲ့ဒီ(၂)ပွဲလုံးဟာလည်း လူစားဝင်ကစားသမားအဖြစ်နဲ့သာ ကစားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal

ဒါကြောင့် အမ်ဒွန်ဘီလီက အသင်းကနေ ထွက်ခွာသွားချင်နေတာဖြစ်ပြီး သူ့ကို ဘာစီလိုနာအသင်း ပီအက်စ်ဂျီအသင်းတို့ကနေ ပစ်မှတ်ထားလျက်ရှိနေသလို အခုလက်ရှိမှာလည်း အင်တာမီလန်အသင်းကပါ စိတ်ဝင်စားလာခဲ့သလို ကစားသမားရဲ့အေးဂျင့်နဲ့ပါ ချိတ်ဆက်ဆွေးနွေးမှုတွေကိုတောင် ပြုလုပ်လာခဲ့တယ်လို့ အီတလီမီဒီယာတချို့ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီလို အနာဂတ်မရေမရာဖြစ်နေတဲ့ အမ်ဒွန်ဘီလီနဲ့ပတ်သက်ပြီး စပါးအသင်းဖော်လည်းဖြစ် တစ်နိုင်ငံတည်းသားတွေပါဖြစ်တဲ့ ဆစ်ဆိုခိုကတော့ အမ်ဒွန်ဘီလီကို အသင်းကနေ မထွက်ခွာစေချင်ပဲ စပါးအသင်းမှာပဲ အောင်မြင်မှုတွေ ရယူဖို့ တိုက်တွန်းလိုက်ပါတယ်။ မူဆာဆစ်ဆိုခိုက “သူဒီမှာ အောင်မြင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သူရဲ့စီနီယာလေ။ သူကျွန်တော့်ကို နမူနာယူလို့တောင်ရပါတယ်။ ကျွန်တော်လည်း စပါးကစားသမားဘဝအစတုန်းက ခက်ခဲခဲ့တာပဲ။ သူရဲ့အစပိုင်းလည်း ခက်ခဲတယ်ဆိုပေမယ့် သူနဲ့ကျွန်တော် နေ့တိုင်းနီးပါး စကားလည်းပြောဖြစ်တယ်။ ကျွန်တော် သူ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ သူအနေနဲ့ စိတ်ငြိမ်ငြိမ်လေးထားပြီး နေ့တိုင်းကြိုးစားအားထုတ်နေမယ်ဆိုရင် သူ့အတွက် အခွင့်အရေးကောင်းတွေ ရောက်လာမယ်လို့ ကျွန်တော်အမြဲဆုံးမပါတယ်။ သူ ဒီအသင်းမှာ အောင်မြင်နိုင်မယ်ဆိုတာကိုတော့ ကျွန်တော်သေချာပေါက် ပြောရဲတယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။