ဒီနှစ်ဘောလုံးရာသီအတွင်း မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်တွေ အတော်လေးကို နည်းပါးနေခဲ့တဲ့ ညာနောက်ခံကစားသမား အာရွန်ဝမ်ဘစ်ဆာခါရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ရှင်းလင်း ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Erik ten Hag makes surprising Aaron Wan-Bissaka admission

Photo Credit : 90Min

၂၀၁၉ခုနှစ်ကမှ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ပေါင်သန်း(၅၀)နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဘစ်ဆာခါဟာ လက်ရှိမှာ ဒါလော့ရဲ့နောက် ဒုတိယ ဦးစားပေး ကစားသမားအဖြစ်နဲ့သာ ကစားနေရတာဖြစ်ပြီး တစ်နေ့က ဘန်လေအသင်းနဲ့ ကစားခဲ့ရတဲ့ လိဂ်ဖလားပွဲမှာတော့ အသင်းအတွက် ပြန်လည် ပွဲထွက်ခွင့်ရကာ အဲရစ်ဆင်ရဲ့ အဖွင့်ဂိုးကိုပါ လှလှပပ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။ ဘစ်ဆာခါဟာ ဒီပွဲမတိုင်ခင်အတွင်း ဒီရာသီမှာ ယူနိုက်တက်အတွက် လုံးဝ ပွဲထွက်ကစားရခြင်း မရှိသေးပဲ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာသာ (၄)မိနစ်သာ ဝင်ကစားထားခဲ့ရပါတယ်။

Photo Credit : Manchester United

ဘစ်ဆာခါနဲ့ ပတ်သတ်ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က “အာရွန်ဝမ်ဘစ်ဆာခါမှာ အနာဂတ် ရှိတယ်။ သူက မန်ယူနိုက်တက်အသင်းမှာ နှစ်အနည်းငယ်ကြာအောင် ကစားခဲ့ဖူးပေမယ့် ဒီရာသီအစကတည်းက ဖျားနာမှုတွေ ဒဏ်ရာတွေ အများကြီး ရရှိနေခဲ့ပါတယ်။ အသင်းက ပွဲတွေ ပြန်ကစားရချိန်မှာ သူက fit ဖြစ်နေတယ်။ ဒါကြောင့် သူ အသင်းနဲ့ လေ့ကျင့်နိုင်ခဲ့ပြီး သူရဲ့ တိုးတတ်မှုတွေကိုလည်း ခင်ဗျားတို့ မြင်တွေ့့မှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘစ်ဆာခါဟာ လာမယ့် ဈေးကွက်တွေအတွင်းမှာ ယူနိုက်တက်အသင်းကနေ ရောင်းထုတ်ခံရဖွယ် ရှိနေသူလို့ သတ်မှတ်ခံထားရပေမယ့် တန်ဟက်ဂ်အနေနဲ့ အသင်းအတွက် ညာနောက်ခံလူတစ်ဦး မခေါ်ယူရသေးခင်ထိ ဘစ်ဆာခါကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ ရှိနေပြီး ဒါလော့ မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာလည်း နေရာပေးလာနိုင်ပါတယ်။ ယူနိုက်တက် ပရိသတ်တွေကတော့ ဘစ်ဆာခါကို အသင်းမှာ နေရာပိုပေးစေချင်တယ်လို့ အသင်းထံ တိုက်တွန်းထားပေမယ့် တန်ဟက်ဂ်ကတော့ ဘစ်ဆာခါထက် ဒါလော့ကိုသာ ကစားခွင့် ပိုပေးနိုင်ဖွယ် ရှိနေရပါတယ်။