MySport Myanmar

အသင်းရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာဖို့လို့ ဆိုလိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ ရည်မှန်းချက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ရယူသွားဖို့ ဖြစ်တယ်လို့ ပြောဆိုခဲ့သလို ပရီးမီးယားလိဂ်ဖလားကိုလည်း ရယူသွားနိုင်မယ်လို့ ယုံကြည်မိကြောင်း အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်ဟာ ၂၀၂၂ခုနှစ်ကမှ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်ကို (၂)ရာသီ ကိုင်တွယ်ပြီးနောက် အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း (၂)ရာသီဆက်တိုက် ဖိုင်နယ်အဆင့်တွေကို တက်လှမ်းထားနိုင်ခဲ့ပါသေးတယ်။

Photo Credit : Sky Sports

ဒီရာသီမှာလည်း အသင်းဘက်က တန်ဟက်ဂ်ကို စာချုပ်သက်တမ်းလည်း တိုးမြှင့်ထားပြီး အခုနွေဈေးကွက်ထဲမှာပါ ကစားသမားသစ် (၄)ဦးအထိ ဖြည့်တင်းပေးထားခဲ့ပါသေးတယ်။ အခုလည်း ဖူလ်ဟမ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ရာသီသစ်ပွဲစဉ် မတိုင်ခင် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာလည်း အသင်းက ပရီးမီးယားလိဂ်ဖလား အပါအဝင် ဆုဖလားတွေကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုလာခဲ့ပါတယ်။

“ကျွန်တော်တို့အသင်းက ဆုဖလား (၂)လုံးကို ပိုင်ဆိုင်နိုင်ခဲ့တယ်။ အဲ့ဒါကနေ ကျွန်တော်တို့ကို တခြားသော ဆုဖလားတွေပါ ရယူနိုင်စွမ်း ရှိတယ်ဆိုတဲ့ ယုံကြည်မှုတွေကို ပေးခဲ့ပါတယ်။ ကျွန်တော်တို့က မန်စီးတီးအသင်းကလွဲပြီး ကျန်တဲ့ ပရီးမီးယားလိဂ် အသင်းတွေထက် ဆုဖလားတွေကို ပိုဆွတ်ခူးနိုင်ခဲ့တယ်။”

Photo Credit : Eurosport

“ကျွန်တော်တို့မှာ ယုံကြည်ချက်တွေ ရှိပါတယ်။ ကျွန်တော်တို့မှာ လုံလောက်တဲ့ ကစားသမား အင်အားလည်း ရှိပါတယ်။ ကျွန်တော်တို့ လိုအပ်နေတာက ခြေစွမ်းပိုင်း တသမတ်တည်း ရှိနေဖို့ပါပဲ။ ကျွန်တော်တို့က ဝင်ရောက် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှုတွေ ရယူသွားချင်နေသလို ပရီးမီးယားလိဂ်မှာလည်း သေချာပေါက် ချန်ပီယံ ဖြစ်လာချင်ပါတယ်။” လို့ တန်ဟက်ဂ်က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

တန်ဟက်ဂ်က ယူနိုက်တက်ကို စတင် ကိုင်တွယ်ခဲ့တဲ့ ဘောလုံးရာသီမှာ အဆင့် (၃)နေရာအထိ ရပ်တည်နိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီမှာတော့ တန်ဟက်ဂ်က ယူနိုက်တက်ကို အမှတ်ပေးဇယားရဲ့ အဆင့် (၈)နေရာထိ ရောက်ရှိအောင်သာ စွမ်းဆောင်နိုင်ခဲ့ပြီး အက်ဖ်အေဖလား ရယူနိုင်ခဲ့လို့သာ ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Exit mobile version