မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းအနေနဲ့ ဖူလ်ဟမ်အသင်းကို ရင်ဆိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အဆုံးသတ်ပိုင်းတွေ အားကောင်းဖို့ လိုအပ်နေသေးတယ်လို့ သတိပေး ပြောကြားသွားခဲ့ပါတယ်။
မန်ယူနိုက်တက်နဲ့ ဖူလ်ဟမ်အသင်းတို့ဟာ မနေ့ညက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ်ရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြရင်းနဲ့ တိုက်စစ်ကစားသမားသစ် ဂျိုရှုအာ ဇက်ခ်ဇီးရဲ့ ပွဲဦးထွက် သွင်းဂိုးနဲ့ ယူနိုက်တက်က အနိုင်ရသွားခဲ့ပါတယ်။
Photo Credit : MUFC BR
ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းက ခံစစ်ပိုင်း ကစားပုံတွေ ပိုမို ကျစ်လစ် ကောင်းမွန်လာခဲ့သလို အသင်းရဲ့ play style ဟာလည်း မနှစ်ကထက် ပိုပြီးကောင်းမွန်လာခဲ့ပါတယ်။ ဒါပေမယ့် အသင်းက တိုက်စစ်ပိုင်းမှာ အဆုံးသတ်ပိုင်းတွေ အားနည်းနေခဲ့ရပြီး အဆုံးသတ်သာ ကောင်းခဲ့မယ်ဆိုရင် ပထမပိုင်းမှာကတည်းက ပွဲကို ဦးဆောင်ထားနိုင်မှာပဲ ဖြစ်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ မေဆန်မောင့်တို့က ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့သလို မားကပ် ရပ်ရှ်ဖို့ဒ်ဆိုရင်လည်း ကန်သွင်းခွင့်တောင် မရရှိခဲ့တဲ့အထိ လိုအပ်ချက်တွေ ရှိခဲ့ရပါတယ်။
Photo Credit : Utd District
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “ဖူလ်ဟမ်လို အသင်းမျိုးနဲ့ ကစားရတာက အမြဲတမ်းလိုလို ခက်ခဲရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ခံစစ်ကစားပုံလည်း ကောင်းမွန်ခဲ့သလို သူတို့အသင်းကို ဖိအားပေး ကစားရမှာလည်း ကောင်းမွန်ခဲ့တယ်။ ပထမပိုင်း (၁၀)မိနစ်လောက် ကစားပြီးချိန်မှာတော့ ကျွန်တော်တို့ရဲ့ ကစားဟန်ကို ရှာတွေ့ခဲ့ပြီး သူတို့အသင်းကိုလည်း ဖိအားတွေအောက်မှာ ကစားရတာမျိုး ဖြစ်စေခဲ့တယ်။”
“ကျွန်တော်တို့အသင်းက အခွင့်အရေးတွေ အမြောက်အများကို ဖန်တီးနိုင်ခဲ့တယ်။ နောက်ပြီး ကျွန်တော်တို့က ပွဲရဲ့အစပိုင်းလောက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့သင့်တာ။ ကျွန်တော်တို့အသင်းနဲ့ ပတ်သက်ပြီး တစ်ခုတည်းသော ဝေဖန်ထောက်ပြချင်စရာကတော့ ဂိုးဧရိယာထဲမှာ အဆုံးသတ်ပိုင်း အားနည်းနေတာပါပဲ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။