MySport Myanmar

ဆန်ချိုက အသင်းအတွက် အကောင်းဆုံး ပြန်လာနိုင်ပြီလို့ တန်ဟက်ဂ် ပြောဆို

အောက်တိုဘာလနှောင်းပိုင်းလောက်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကို တောက်လျှောက် လွဲချော်ထားလို့ ထားခဲ့ရသူ ဂျေဒန်ဆန်ချိုဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုကျော့ပွဲစဉ်အတွင်း လူစားဝင် ကစားသမားအဖြစ် ပါဝင်လာခဲ့ရင်း ခြေစွမ်းကောင်းတချို့ကိုပါ ပြသသွားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၂)နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမားဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီအခြေအနေတွေကနေ ရုန်းထွက်နိုင်ဖို့အတွက် အချိန်ယူ ဖြေရှင်းခဲ့ရပြီး ဇန်နဝါရီလအတွင်းမှာပဲ ယူနိုက်တက်နဲ့ ပြန်လည် ပူးပေါင်းလာနိုင်ခဲ့ပါတယ်။ အခုတော့ ဆန်ချိုဟာ အသင်းအတွက် ပြန်လည် ကစားပေးခွင့်ပါ ရရှိလာခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ဆန်ချို လူစားဝင်လာချိန်မှာ သောင်းသောင်းဖျဖျကို ကြိုဆိုခဲ့ကြပါတယ်။

Photo Credit : Manchester Evening News

အသင်းအတွက် အခုလို ပြန်လည် ကစားပေးလာနိုင်ခဲ့တဲ့ ဆန်ချိုနဲ့ ပတ်သတ်ပြီး ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က “ဂျေဒန်ဆန်ချိုအတွက် ပရိသတ်တွေ ပြသခဲ့တဲ့ ချစ်ခြင်းမေတ္တာကို မြင်တွေ့ရတာ အရမ်းကောင်းပါတယ်။ အရမ်းကောင်းလာတဲ့ comeback တစ်ခုပါပဲ။ ဂျေဒန်က ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကတည်းက ကာရင်တန်မှာ ပြုံးရွှင်နေခဲ့တာ။ သူ အခုတိုင်းလေး ဆက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူက နံပါတ်(၁၀)နေရာအတွက်ရော တောင်ပံကစားသမားနေရာတွေမှာပါ ကျွန်တော်တို့ကို ကူညီပေးနိုင်ပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ မနေ့ညက တန်ဟက်ဂ်ဟာ အသင်းနဲ့ ပွဲကစားခွင့်တွေ နည်းပါးနေရတဲ့ မာစီယဲလ် ဆန်ချိုတို့ကို ဒုတိယပိုင်း ပွဲချိန်အတွင်းမှာ သူတို့အသင်းဖော် ရပ်ရှ်ဖို့ဒ်နဲ့အတူ ထည့်သွင်းလာခဲ့ပြီး ရပ်ရှ်ဖို့ဒ်-မာစီယဲလ်-ဆန်ချို အတွဲအဖက်နဲ့ နော်တင်ဟမ်ခံစစ်ကို ပိုမို ဖိအားပေးလာနိုင်ခဲ့ပြီး မာစီယဲလ်က အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့သလို မိနစ်ပိုင်းလောက်အကြာမှာပဲ ဘရူနို-ရပ်ရှ်ဖို့ဒ်တို့ရဲ့ ဘောလုံးပေးပို့မှုကနေ ဖရက်ဒ်က ပွဲသိမ်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ လိဂ်ဖလား ဗိုလ်လုပွဲထိ တတ်လှမ်းသွားခဲ့ရပြီဖြစ်ပြီး ဗိုလ်လုပွဲမှာတော့ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်သွားမှာဖြစ်ကာ ၂၀၁၇နောက်ပိုင်း ဖလားလက်မဲ့ ဖြစ်နေမှုကိုလည်း အဆုံးသတ်နိုင်ဖို့ အလားအလာကောင်းကိုလည်း ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

Exit mobile version