မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ တော့တင်ဟမ် ဟော့စပါးအသင်းကို (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြရာထူးကနေ ထုတ်ပယ်ခံရတော့မယ်ဆိုပြီး ယူဆလာမှုတွေကို အာရုံထားနေမှာ မဟုတ်ကြောင်း တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ ရင်ဆိုင်သွားခဲ့တဲ့ ပထမပိုင်း ပွဲချိန်အတွင်းမှာ အတော်လေး စိတ်ပျက်စရာကောင်းအောင် ကစားသွားခဲ့ပြီး ပွဲစပြီး သိပ်မကြာခင်မှာပဲ စပါးဘက်ကို ဦးဆောင်ဂိုးပါ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမှာလည်း (၂)ဂိုး ထပ်မံ ပေးခဲ့ရပြီး (၃)ဂိုးပြတ်နဲ့ကို ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit : Sky Sports

အခုဆို ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်(၆)ပွဲမှာတင် ရှုံးပွဲက (၃)ပွဲအထိ ရှိနေသလို အဲ့ဒီထဲကမှ ရှုံးပွဲ (၂)ပွဲက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာပဲ ဂိုးတောင် မရဘဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့်လည်း နည်းပြ တန်ဟက်ဂ်က ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီဆိုတဲ့ ခန့်မှန်းချက်တွေ ပိုမို ကျယ်လောင်လာခဲ့ရပါတယ်။

ဒါပေမယ့် တန်ဟက်ဂ်ကတော့ “ကျွန်တော် အခုချိန်မှာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ အကြောင်းတွေကို လုံးဝ စဉ်းစားနေခြင်း မရှိပါဘူး။ ကျွန်တော်တို့အားလုံး အတူတကွ ရှိနေကြဖို့ ဆုံံးဖြတ်ချက် ချထားပြီးသားပါ။ အသင်းပိုင်ရှင်တွေ အသင်းက ဝန်ထမ်းတွေ အသင်းက ကစားသမားတွေနဲ့ ကျွန်တော်ကိုယ်တိုင် အပါအဝင်ပါပဲ။”

Photo Credit : SuperSport

“ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြန်လည် သုံးသပ်ပြီးမှ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။ ဒါက အချိန်ယူသွားရမယ် ဆိုတာကိုလည်း ကျွန်တော်တို့တွေ သိရှိထားပါတယ်။ ကျွန်တော်တို့က တစ်ဖက်တည်းမှာပဲ အတူ ရှိနေကြပါတယ်။”

“ကျွန်ေ်တာ်တို့ ပုံစံကောင်းနဲ့ ပြန်လာပါလိမ့်မယ်။ ကျွန်တော်တို့က လိုအပ်ချက်တွေ အမှားတွေကနေ သင်ခန်းစာယူပြီး အလျင်အမြန်ဆုံးပဲ ပြန်လာမှာပါ။ အဝတ်လဲခန်းထဲမှာလည်း ကစားသမားတွေကို ကျွန်တော် အားပေးစကား ပြောထားပါသေးတယ်။ ကျွန်တော်တို့တွေ သေချာပေါက် ပြန်လာနိုင်မှာပါ။” မှာလို့ တုံ့ပြန်သွားခဲ့ပါတယ်။