မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဒီနေ့မှာ ယူရိုပါလိဂ်ပြိုင်ပွဲ league phase အဖွင့်ပွဲစဉ်အဖြစ် နယ်သာလန်ကလပ် FC တွမ်တီးအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပေမယ့်လည်း တွမ်တီးက သူရဲ့ ကလပ်အသင်းဟောင်းဖြစ်လို့ မရင်ဆိုင်ချင်ဘူးလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲ ပုံစံအသစ် မဲနှိုက်ရေးဆွဲမှုတွေ လုပ်ဆောင်ခဲ့ရာမှာ ယူနိုက်တက်အသင်းက တွမ်တီး ပေါ်တို ဖီနာဘာချီ PAOK ဘိုဒယ်ဂလင့် ပယ်လ်ဇန် ရိန်းဂျားစ် FCSB အသင်းတွေနဲ့ league phase လမ်းကြောင်းမှာ တွေ့ဆုံနေရပါတယ်။
Photo Credit : The New York Tines
ယူရိုပါလိဂ်မှာ ယူနိုက်တက်အသင်း စတင် ရင်ဆိုင်သွားရမယ့် တွမ်တီးအသင်းကတော့ လက်ရှိ နယ်သာလန် အမှတ်ပေးလိဂ်မှာ အဆင့် (၄)နေရာ ရောက်ရှိနေတဲ့ အသင်းတစ်သင်း ဖြစ်သလို ယူနိုက်တက် နည်းပြကြီး တန်ဟက်ဂ် ကစားသမားဘဝတုန်းက သူရဲ့ ပထမဦးဆုံး ကလပ်အသင်းလည်း ဖြစ်ခဲ့ပါတယ်။
ကစားသမားဘဝတုန်းက ဗဟိုခံစစ်မှူးအဖြစ် ကစားခဲ့တဲ့ တန်ဟက်ဂ်ဟာ တွမ်တီးအသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း စုစုပေါင်း တွမ်တီးအသင်းအတွက် (၃)ကြိမ်အထိ ကစားဖြစ်ခဲ့သလို တွမ်တီးမှာပဲ ကစားသမားဘဝကို အဆုံးသတ် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် တန်ဟက်ဂ်က နည်းပြအလုပ်ကိုလည်း တွမ်တီး အကယ်ဒမီအသင်းမှာ စတင် လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : Goal
ဒီလို အမှတ်တရတွေ အပြည့်ရှိနေတဲ့ အသင်းမျိုးနဲ့ ထိပ်တိုက် ပြန်လည် ရင်ဆိုင်ရတော့မယ့် အချိန်မှာ တန်ဟက်ဂ်က “တွမ်တီးအသင်းကလွဲရင် ကျန်တဲ့ အခြားအသင်းနဲ့ ကစားရတာပဲ ပိုသဘောကျမိပါတယ်။ ကိုယ်ချစ်မြတ်နိုးတဲ့ အရာကို ထိခိုက်နာကျင်အောင် လုပ်ရတာက အဆင်မပြေနေပါဘူး။ မန်ယူနိုက်တက်နဲ့ FC တွမ်တီးအသင်းတို့ကြားမှာလည်း ချိတ်ဆက်မှုတွေက အများကြီး ရှိနေပါတယ်။”
“ကျွန်တော်နဲ့ ရီနေးတို့ကြား ကျွန်တော်နဲ့ ရုဒ်(ဗန်နစ္စတဲလ်ရွိုင်း)တို့ကြားအပြင် အေဂျက်စ် ကစားသမားဟောင်းတွေ အားလုံးလည်း ဒီအသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိနေကြပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ အသင်းနည်းပြ တန်ဟက်ဂ်ရဲ့ အသင်းဟောင်းနဲ့ ရင်ဆိုင်ပြီးရင် အသင်းရဲ့ နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းနဲ့ပါ ဆက်လက် ရင်ဆိုင်သွားရပါဦးမယ်။