မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က စပါး တိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းကို အသင်းဆီ အရ မခေါ်ယူမိခြင်းအပေါ် နောင်တမရမိကြောင်း သူ ခေါ်ယူထားတဲ့ ကစားသမားလေး ဟွိုင်လန်းကိုသာ ယုံကြည်ထားကြောင်း ပြောဆိုလာခဲ့ပါတယ်။
နွေဈေးကွက်တုန်းက အသင်းတိုက်စစ်ပိုင်းအတွက် ကစားသမား အမြောက်အများကို ပစ်မှတ်ထားခဲ့တဲ့ ယူနိုက်တက်အသင်းဟာ အတ္တလန်တာက ဒိန်းမတ် တ်ုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းကို ပေါင် (၇၂)သန်းနဲ့ ခေါ်ယူဖြစ်ခဲ့ပါတယ်။
Photo Credit : Ace Football
ယူနိုက်တက် ကစားသမားဟောင်းတွေနဲ့ အသင်းပရိသတ်တွေကတော့ ဟွိုင်လန်းကို ခေါ်ယူတာထက် ပရီးမီးယားလိဂ် နှစ်ပေါင်းများစွာ ကျင်လည်ထားဖူးတဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူသင့်တယ်လို့ ဆိုကြပေမယ့် တန်ဟက်ဂ်ကတော့ ဟွိုင်လန်းကိုသာ ခေါ်ယူခဲ့သလို ကိန်းကလည်း စပါးကနေ ဘိုင်ယန်ကို ရောက်ရှိသွားခဲ့ပါတယ်။
ဒီနေ့ညမှာတော့ ဘိုင်ယန် တိုက်စစ်မှူးသစ် ဟယ်ရီကိန်းက ပြီးခဲ့တဲ့နွေမှာ သူနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့သော ယူနိုက်တက်အသင်းကို ချန်ပီယံလိဂ် အုပ်စုတွင်း ပြိုင်ဘက်အဖြစ် ပြန်လည် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : The Sun
ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ပွဲမတိုင်ခင် အင်တာဗျူး အစီအစဉ် ပြုလုပ်နေစဉ်အတွင်း သတင်းထောက်တစ်ဦးက ဟယ်ရီကိန်းကို မခေါ်ယူဖြစ်ခဲ့လို့ နောင်တမရဘူးလားလို့ မေးမြန်းလာခဲ့ရာ တန်ဟက်ဂ်က “မရပါဘူး။ ကျွန်တော် ဟွိုင်လန်းကို ရရှိခဲ့လို့ ဝမ်းသာပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့အပေါ်မှာ ယုံကြည်ချက်လည်း ရှိပါတယ်။”
“ဟွိုင်လန်းက အရည်အချင်းရှိတဲ့ ကစားသမားကောင်းတစ်ဦး ဖြစ်ပြီးတော့ လာမယ့် ပွဲစဉ်တွေမှာလည်း သူရဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့ အသင်းအတွက် အကောင်းဆုံး ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။” လို့ ဖြေဆိုသွားခဲ့ပါတယ်။