MySport Myanmar

ကောင်းမွန်တဲ့ ဖွဲ့စည်းမှု တချို့ကို ထပ်မံ မြင်တွေ့ခဲ့ရတယ်လို့ တန်ဟက်ဂ် ဆို

မနေ့ညက အိုးထရက်ဖို့ဒ်မှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နယ်သာလန်ကလပ် FCတွမ်တီးအသင်းတို့ ယူရိုပါလိဂ်ပြိုင်ပွဲ league phase ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာ ခရစ္စတီယန် အဲရစ်ဆင်ရဲ့ ပထမပိုင်း သွင်းဂိုးနဲ့ ယူနိုက်တက်က ဦးဆောင်ခဲ့ပေမယ့်လည်း အဲရစ်ဆင် အမှားကနေပဲ ချေပဂိုး ပြန်လည် ခွင့်ပြုခဲ့ရင်း တစ်ဂိုးစီ သရေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။

အခုဆိုရင် ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဥရောပပြိုင်ပွဲ ပွဲစဉ် (၉)ပွဲမှာ (၁)ပွဲတည်းသာ အနိုင်ရထားတဲ့အထိ အခြေအနေ အတော်လေးကို ဆိုးရွှားနေခဲ့ရပြီး အဲ့ဒီနိုင်ပွဲက ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းကို အနိုင်ရခဲ့တာဖြစ်ပြီး အဲ့ဒီပွဲစဉ်မှာတောင် ပွဲပြီးခါနီး ပင်နယ်တီ ခွင့်ပြုခဲ့ရတာကို ဂိုးသမား အိုနာနာ ကာကွယ်နိုင်ခဲ့လို့သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Photo Credit : centredevils

ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က “ကျွန်တော်တို့ တစ်ဂိုးအသာ ရနေချိန်မှာ သူတို့ကို ရှင်သန်ခွင့် ပေးမိလိုက်တယ်။ ပွဲကို ထိန်းကစားပြီး ချေပဂိုး ပြန်ပေးလိုက်ရချိန်မှာတော့ သရေရလဒ်ပဲ ရသွားခဲ့ရတယ်။ ကျွန်တော်တို့က ပွဲကို အပြီးဖြတ်နိုင်ဖို့ နောက်ထပ် ဂိုးတွေ ထပ်သွင်းရမယ့်အစား ချေပဂိုးပဲ ပေးလိုက်ရတယ်။”

“ကျွန်တော်တို့အသင်းမှာ ကောင်းမွန်တဲ့ ဖွဲ့စည်းမှုမျိုးတွေကို ထပ်မံ မြင်တွေ့ခဲ့ရပေမယ့် တသမတ်တည်း ရှိနေဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးကို တစ်ပွဲလုံး ပြသနိုင်ခဲ့ရမှာပါ။ အခုက သူတို့အသင်းကို တစ်ဂိုးပဲ သွင်းပြီး အပြီးမဖြတ်လိုက်နိုင်တာက ဒီပွဲရဲ့ အဓိကအချက် ဖြစ်သွားခဲ့တယ်။”

 

Photo Credit : centredevils

“သူတို့အသင်းက ပွဲချိန်ပြည့်ကို တိုက်ပွဲဝင်ခဲ့ကြတာ။ ကျွန်တော်တို့ကတော့ အဲ့ဒီလို မလုပ်နိုင်ခဲ့ဘူး။ (၉၉)% လောက် အားထုတ်ခဲ့ရင် မလုံလောက်ပါဘူး။ (၁၀၀)% အပြည့် ကစားနိုင်ရပါမယ်။ ပွဲကို လုံးဝ အပြီးသတ်နိုင်အောင် လုပ်ခဲ့ရပါမယ်။”

“ကျွန်တော်တို့အသင်းရဲ့ work rate တွေ ဘယ်လောက်တောင် မြင့်မားနေလဲဆိုတာကို ပွဲတော်တော်များများမှာ မြင်တွေ့ထားရပေမယ့် ဒီပွဲမှာတော့ မတွေ့မိပါဘူး။ ဒါက အသင်းနဲ့ သက်ဆိုင်နေတာမျိုး မဟုတ်ပဲ ကျွန်တော် ကိုယ်တိုင်နဲ့လည်း ပတ်သက်နေပါတယ်။ ကျွန်တော်လည်း ပြန်ပြီး ဆန်းစစ်ကြည့်ဖို့ လိုနေပါပြီ။ ဒီလို အခြေအနေမျိုးမှာတော့ အဆုံးသတ်ပိုင်းက ပိုပြီးတော့ကို ကောင်းမွန်ခဲ့သင့်တာပါ။ ဒါပေမယ့် ဒါက ဘောလုံးပါပဲ။ ကျွန်တော်တို့တွေ ဆက်သွားနေရဦးမှာပါ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version