ခရစ္စတီယာနို ရော်နယ်လ်ဒိုက အသင်းဖော်ဟောင်း ရီယို ဖာဒီနန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ်မှာ သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့တာတွေအပြင် ယူနိုက်တက်နည်းပြအဲရစ် တန်ဟက်ဂ် အကြောင်းတွေကိုပါ ပြောဆိုသွားတာတွေကို တန်ဟက်ဂ်ကိုယ်တိုင် ပြန်လည် တုံ့ပြန်လာခဲ့ပါတယ်။

ရော်နယ်လ်ဒိုက ယူနိုက်တက် နည်းပြတစ်ဦးအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံလိဂ်တို့လို ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရယူနိုင်ဖို့အတွက် အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ စကားမျိုး​တွေကို မပြောသင့်ပဲ ဒီပြိုင်ပွဲတွေမှာ ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့်အကောင်းဆုံး ကြိုးစား ယှဥ်ပြိုင်သွားမယ်ဆိုပြီးသာ ပြောသင့်တယ်ဆိုပြီး တန်ဟက်ဂ်ကို ရည်ညွှန်းကာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “သူ(ရော်နယ်လ်ဒို)က မန်ယူနိုက်တက်အသင်းဟာ ပရီးမီယားလိဂ် ချန်ပီယံ မဖြစ်နိုင်ဘူးလို့ သူပြောခဲ့တာ။ သူရဲ့အင်တာဗျူးအကြောင်း သေချာပြန်ဖတ်ကြည့်မယ်ဆိုရင် ဒါကို သူပြောထားတာ တွေ့ရလိမ့်မယ်။ ပြီးတော့ ရော်နယ်လ်ဒိုက ဟိုအဝေးကြီး ဆော်ဒီမှာ။ မန်ချက်စတာနဲ့လည်း အဝေးကြီး။ ဆိုတော့ လူတိုင်းမှာ သူ့ထင်မြင်ချက်နဲ့သူ ရှိပါတယ်။ အဲ့ဒီအတွက် အဆင်ပြေပါတယ်။” လို့ တုံ့ပြန်လိုက်ပါတယ်။

ဆက်လက်ပြီး တန်ဟက်ဂ်က “ကျွန်တော်တို့တွေ ပွဲတိုင်းကို အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ မေလကျရင်တော့ ကျွန်တော်တို့အသင်းက အမှတ်ပေးဇယားရဲ့ ဘယ်နေရာမှာ ရပ်တည်နေမလဲဆိုတာ ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ ကျွန်တော်တို့က လုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေပြီးတော့ ဘယ်လောက်ထိ ရောက်နေလဲ ဘာတွေလုပ်ရမလဲ ဘယ်လောက်ထိ ရောက်အောင်သွားမလဲဆိုတာ သိပါတယ်။ ကျွန်တော် အရင်က ပြောခဲ့သလို အသင်းက အကူးအပြောင်း ကာလထဲမှာပဲ ရှိနေပါသေးတယ်။”

Photo Credit : Daily Mail

“ကျွန်တော်တို့က အကူးအပြောင်း ကာလမှာ ရှိနေသေးတယ် ဆိုပေမယ့် ဒါကို ဆင်ခြင်ပေးနေလို့တော့ မရပါဘူး။ ကျွန်တော်တို့ ပွဲတိုင်းကို အနိုင်ရရပါမယ်။ ဒါကိုလည်း ကျွန်တော် သိထားတယ်။ ဒါကို သိထားပြီဆိုရင် အသင်းက လူစုံတာ မစုံတာ အရေးမကြီးတော့ပါဘူး။ ပွဲတိုင်းကို အာရုံစိုက်ပြီးတော့ အနိုင်ရလိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ပွဲတိုင်းကို ချဥ်းကပ်သွားရပါမယ်။” လို့ ပြောဆိုလာခဲ့ပါသေးတယ်။

တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ ၂၀၂၄-၂၅ ဘောလုံးရာသီသစ်ရဲ့ တာအထွက်မှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲ အပါအဝင် ဘရိုက်တန် လီဗာပူးလ်တို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွေမှာပါ ရှုံးပွဲကြုံထားခဲ့ရပြီး ဖူလ်ဟမ် တစ်သင်းတည်းကိုပဲ အနိုင်ရထားတာမို့ တန်ဟက်ဂ် အနာဂတ် အခြေအနေဟာလည်း ရာသီအစ စောစောစီးစီးမှာတင် လှုပ်ခတ်လာခဲ့ရပါတယ်။