မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာပဲ ဒဏ်ရာ ထပ်မံ ရရှိသွားခဲ့ပြီး သူရဲ့ ဒဏ်ရာ အခြေအနေက အတော်လေး ဆိုးရွှားနိုင်ခြေရှိတယ်လို့ နည်းပြ အဲရစ် တန်ဟက်ဂ်က ညည်းတွား ပြောဆိုလိုက်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ်မှူး မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီနှောင်းပိုင်းကတည်းက ခြေထောက်ဒဏ်ရာကြောင့် ရက်ပေါင်းများစွာ အနားယူထားခဲ့ရပြီး ဒီရာသီထဲမှာလည်း အလားတူ ဒဏ်ရာကြောင့်ပဲ ၂၀၂၃ စက်တင်ဘာကနေ နှစ်ကုန်ပိုင်းအထိကို အနားယူခဲ့ရပါသေးတယ်။

Photo Credit : Evening Standard

အခုလည်း မာတီနက်ဇ်က ဝက်စ်ဟမ်းနဲ့ပွဲစဉ်အတွင်းမှာပဲ ဒူးဒဏ်ရာ ထပ်မံ ရရှိသွားခဲ့ရတာကြောင့် ပွဲကို ဆက်လက် ကစားနိုင်ခြင်းတောင် မရှိတော့ပဲ ဗာရန်းနဲ့ လူစားလဲလိုက်ရပြီး ဒါက ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ယူနိုက်တက် ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။

မာတီနက်ဇ်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “ဒါက ဆိုးရွာမယ့်ပုံရတယ်။ ခုတော့ ကျွန်တော်တို့ ဆုတောင်းရုံပဲ ရှိတော့တယ်။ အခု ကျွန်တော်တို့ စမ်းသပ်မှုတွေက စောင့်နေရပေမယ့် သူရဲ့ ဒဏ်ရာအတွက် တကယ် စိတ်မကောင်းပါဘူး။”

Photo Credit : Sky Sports

 

“ကြည့်ရတာကတော့ သူ့အနေနဲ့ ဒဏ်ရာပြသာနာကြောင့် ပွဲတချို့ကို ထပ်ပြီး လွဲချော်သွားရမယ့်ပုံပါပဲ။ သူ အခုလို ဒဏ်ရာရသွားတာက သူ့အတွက်တင်မကဘူး။ ကျွန်တော်တို့ အသင်းအတွက်လည်း အရမ်းနစ်နာရပါတယ်။ Licha အမြန်ဆုံး ပြန်လည် သက်သာလာဖို့ ဆန္ဒပြုပါတယ်။” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ အေဂျက်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ မာတီနက်ဇ်ဟာ ပြီးခဲ့တဲရာသီမှာပဲ ပြိုင်ပွဲစုံ (၄၅)ပွဲအထိ ကစားထားနိုင်ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြသာနာတွေကြောင့် (၁၀)ပွဲသာ ကစားထားနိုင်ခဲ့ပြီး ပွဲအများစုကို လွဲချော်ခဲ့ရပါတယ်။