မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီမာရှယ်က လာမယ့် ဘောလုံးရာသီအထိ ယူနိုက်တက်အသင်းမှာပဲ ဆက်လက် ရှိနေလိမ့်မယ်လို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Twitter
ဒီရာသီမှာ ဒဏ်ရာပြသာနာများနဲ့ ရုန်းကန်နေရပြီး ပွဲကစားခွင့်တွေ ဆုံးရှုံးနေရတဲ့ မာရှယ်ဟာ အသင်းအတွက် ပါဝင်ကစားခွင့် ရချိန်မှာ ပွဲကစားချိန် (၈၂)မိနစ်တိုင်း သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်သူအဖြစ် စွမ်းဆောင်ထားနိုင်ပါတယ်။ ၂၀၁၅ခုနှစ်ကတည်းက ယူနိုက်တက်အသင်းဆီ ရောက်ရှိနေတဲ့ မာရှယ်ဟာ လက်ရှိမှာ ယူနိုက်တက် ကစားသမားအဖြစ် (၈)ရာသီမြောက်ကို ဖြတ်သန်းနေတာဖြစ်ပြီး အဲ့ဒီ(၈)ရာသီအတွင်းမှာ အမျိုးမျိုး ဖြတ်သန်းထားခဲ့ရပေမယ့် အရည်အသွေး ပြည့်ဝတဲ့ ကစားသမား ဖြစ်သလို အသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်သူလည်း ဖြစ်လို့ လာမယ့် ရာသီအထိ အသင်းမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ တန်ဟက်ဂ်က ပြောဆိုသွားပါတယ်။
Photo Credit : Daily Mail
မာရှယ်အနေနဲ့ လာမယ့် ရာသီအထိ အသင်းမှာ ရှိနေနိုင်မလားလို့ တန်ဟက်ဂ်ကို မေးမြန်းလာခဲ့ရာ တန်ဟက်ဂ်က “ကျွန်တော်အမြင်အရဆိုရင်တော့ သူ ဆက်ရှိနေမှာပါ။ သူက ထိပ်တန်း ကစားသမားတစ်ဦးပါ။ ထိပ်တန်း ဘောလုံးပြိုင်ပွဲတွေမှာ ပါဝင် ကစားနိုင်တဲ့ အရည်အချင်းတွေလည်း သူ့ဆီမှာ သေချာပေါက်ကို ရှိနေပါတယ်။ နောက်ပြီးတော့ သူ ကြံခိုင်မှု ပြည့်ဝနေချိန် အသင်းအတွက် ကစားပေးနိုင်တဲ့အခါမှာလည်း အသင်းက ပိုကောင်းမွန်နေပါတယ်။ ကျွန်တော့်အတွက် သူက အကောင်းဆုံး အထောင် တိုက်စစ်မှူးတစ်ယောက်ပါ” လို့ ဖြေဆိုသွားခဲ့ပါတယ်။
Photo Credit : Sky Sports
လက်ရှိအချိန် အသင်းရဲ့ အဓိက ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ် ဒဏ်ရာ ရရှိနေချိန်မှာ ဒဏ်ရာကနေ အချိန်မီ ပြန်လည် သက်သာလာတဲ့ မာရှယ်က အသင်းမှာ ကစားခွင့်တွေ ပြန်ရလာပြီး အဲဗာတန်နဲ့ပွဲမှာ ဂိုးတစ်ဂိုး သွင်းယူနိုင်သလို ဆီဗီလာနဲ့ ယူရိုပါလိဂ်ပွဲမှာလည်း ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ်။ မာရှယ်က ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၉)ပွဲ ကစားထားပြီး (၇)ဂိုးသွင်း (၃)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။