လတ်တလောမှာ ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ သတင်းတွေမှာ ဖော်ပြနေသလို အသင်းအပြောင်းအလဲ လုပ်ဆောင်ဖွယ် မရှိပဲ အသင်းမှာသာ ဆက်လက် ရှိနေမှာ ဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
Photo Credit : Football Trasnfer
ယမန်နေ့ညလောက်မှာပဲ ပီအက်စ်ဂျီအသင်းဟာ မန်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်နဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပီအက်စ်ဂျီက ရပ်ရှ်ဖို့ဒ်ကို အလိုရှိနေသလို ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းထွက်လာခဲ့ရပါတယ်။ ဒီလို ကောလဟာလသတင်းတွေ ထွက်ပေါ်နေပေမယ့် မန်ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ ရပ်ရှ်ဖို့ဒ်က အသင်းရဲ့ အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်နေသလို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပါကြောင်း ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Manchester Evening News
သတင်းစာရှင်းလင်းပွဲအတွင်း ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သတ်ပြီး နည်းပြတန်ဟက်ဂ်က “ရပ်ရှ်ဖို့ဒ်က တကယ်ကို အရေးကြီးပါတယ်။ ဒါကိုလည်း သင်တို့ ပထမနေ့ကတည်းက မြင်ခဲ့ရပါမယ်။ ကျွန်တော်တို့ သူ အသင်းမှာ ရှိနေတဲ့အပေါ် တကယ်ကို ပျော်ရွှင်နေပြီး သူ့ကိုလည်း မဆုံးရှုံးချင်ပါဘူး။ ရပ်ရှ်ဖို့ဒ်က ကျွန်တော်တို့ အစီအစဉ်တွေထဲမှာလည်း ပါဝင်နေပါတယ်။ သူက မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်ရှိနေမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ရပ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေသလို မန်ယူနိုက်တက် ပရိသတ်တွေကလည်း အသင်းမှာ အံ့မဝင်နိုင်တော့တဲ့ ရပ်ရှ်ဖို့ဒ်ကို အသင်းကနေ ရောင်းထုတ်စေချင်နေသလို သူ့နေရာမှာ တခြား ကြယ်ပွင့်ကစားသမား တစ်ဦးဦးကိုသာ ပြန်လည် ခေါ်ယူစေချင်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားလည်း ဖြစ်သလို အသင်းအတွက် အရေးပါနေတဲ့ ကစားသမားလည်း ဖြစ်နေတာကြောင့် နည်းပြတန်ဟက်ဂ်က ရပ်ရှ်ဖို့ဒ်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်နေသလို တကယ်လို့ မဖြစ်မနေ ရောင်းချရမယ်ဆိုရင်လည်း ယူနိုက်တက်ဘက်က ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၂၀)လောက်အထိ လိုချင်နေတယ်လို့ သတင်းထွက်နေရပါတယ်။