MySport Myanmar

လော်တာရို မာတီနက်ဇ်ကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုထားတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က အင်တာမီလန်ရဲ့ ကြယ်ပွင့်ကစားသမား တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူပေးဖို့ ယူနိုက်တက်အသင်းထံ တောင်းဆိုထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်အသင်းက အဆင့် (၆)နေရာ ရောက်ရှိနေပြီး အဆင့် (၄)နေရာက စပါးနဲ့ (၆)မှတ် ကွာဟနေပေမယ့် တကယ်လို့များ ဒီရာသီမှာလည်း Top 4 နဲ့ ရာသီသိမ်းပြီး ချန်ပီယံလိဂ်ဝင်ခွင့် ထပ်မံ ရရှိမယ်ဆိုရင် လာမယ့်နွေမှာ ကစားသမားသစ် ခေါ်ယူဖို့ ဘဏ္ဍာရေး အခြေအနေကောင်းနေမှာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

ဒီလို ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်အနေနဲ့ major signings တွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ အင်တာ တိုက်စစ်ကစားသမား လော်တာရို မာတီနက်ဇ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ Fichajes ကနေ ဖော်ပြလာခဲ့ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး မာတီနက်ဇ်ဟာ အင်တာရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့အပြင် ၂၀၂၆ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိသူလည်း ဖြစ်ပေမယ့် လက်ရှိမှာ စာချုပ်သက်တမ်း ထပ်တိုးမြှင့် လုပ်ဆောင်နေမှုက လုပ်ခလစာ ညှိနှိုင်းမရ ဖြစ်နေရပါတယ်။

Photo Credit : TEAMtalk

မာတီနက်ဇ်က ဒီရာသီမှာ အင်တာအသင်းအတွက် ပြိုင်ပွဲစုံ (၂၂)ဂိုးအထိ သွင်းယူထားခဲ့ပြီး အတော်လေး ခြေစွမ်းပြသလျက် ရှိနေတာကြောင့် အသင်းဘက်ကနေ မာတီနက်ဇ်ကို သက်တမ်း ထပ်တိုးဖို့ ကြိုးစားခဲ့ပေမယ့်လည်း လစာပိုင်းမှာ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေရပါတယ်။

ဒီအခြေအနေကို ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က စောင့်ကြည့်လျက် ရှိနေပြီး မာတီနက်ဇ်လို အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ယောက်ကိုလည်း အသင်းဆီ ခေါ်ဆောင်ပေးဖို့အတွက် အသင်းတာဝန်ရှိသူတွေထံ တောင်းဆိုမှုတွေပါ ပြုလုပ်ထားခဲ့ပြီလို့ သိရပါတယ်။

Exit mobile version