MySport Myanmar

ပီအက်စ်ဂျီပစ်မှတ် ဆကန်မာကာအတွက် ယူရိုသန်း(၅၀) အလိုရှိနေတဲ့ ဆာဆူအိုလို

အီတလီ စီးရီးအေကလပ် ဆာဆူအိုလိုအသင်းဟာ သူတို့အသင်းရဲ့ အဓိကကစားသမားဖြစ်သူ အီတလီတိုက်စစ်မှူး ဂျန်လူကာဆကန်မာကာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)လောက်အထိ အလိုရှိနေတယ်လို့ ဆကန်မာကာကို ပစ်မှတ်ထားနေတဲ့ လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းဆီ အသိပေးသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၃)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား ဆကန်မာကာဟာ လာဇီယို ရိုးမားတို့လို ရောမမြို့ခံ အသင်းနှစ်သင်းရဲ့ လူငယ်အကယ်ဒမီတွေမှာ ဘောလုံးပညာကို ဆည်းပူးခဲ့သလို အဲ့ဒီကမှ နယ်သာလန်ကလပ် PSV အသင်းရဲ့ လူငယ်အကယ်ဒမီကို ထပ်မံရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်မှာ ဆာဆူအိုလိုအသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဆကန်မာကာဟာ ဆာဆူအိုလိုမှာ (၃)ပွဲသာ ပါဝင်ခဲ့ရပြီးနောက် အသင်း(၄)သင်းဆီကို အငှားကစားသမားအဖြစ် သွားရောက်ကစားခဲ့ရပြီး မနှစ်က ဘောလုံးရာသီမှသာ ဆာဆူအိုလိုအတွက် တစ်ရာသီလုံး ပါဝင်ခွင့်ရခဲ့ကာ စီးရီးအေသွင်းဂိုး (၁၆)ဂိုးထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဆာဆူအိုလိုရဲ့ ဂိုးသွင်းစက် ဖြစ်လာခဲ့သူ ဆကန်မာကာကို ဝါရင့်နည်းပြ ရောဘတ်တိုမန်ချီနီက အီတလီလက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်လာခဲ့ပြီး အခုဆိုရင် ဆကန်မာကာဟာ လက်ရွေးစင်အသင်းအတွက် (၇)ပွဲထိပင် ပါဝင်ကစားထားရပြီ ဖြစ်ပါတယ်။ ဒီလို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဆကန်မာကာကို စီးရီးအေ ထိပ်သီးကလပ်အသင်းတွေအပြင် ပီအက်စ်ဂျီအသင်းကပါ အလိုရှိလာခဲ့ပြီး ချိတ်ဆက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီအသင်းရဲ့ ဘောလုံးအကြံပေးအဖြစ် ဆောင်ရွက်နေသူ လူးဝစ်ကမ်ပို့စ်ဟာ ဆကန်မာကာရဲ့ ခြေစွမ်းပိုင်းတွေကို အလွန်နှစ်သက်နေသူဖြစ်လို့ အသင်းကို အရခေါ်ယူချင်နေပြီး ဆကန်မာကာသာ အသင်းကို ရောက်လာခဲ့ရင် တိုက်စစ်မှူး အီကာဒီရဲ့ အနာဂတ်ဟာလည်း ဝေဝါးသွားနိုင်ဖွယ် ရှိနေပါတယ်။ လတ်တလောမှာတော့ ဆကန်မာကာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီနဲ့ ဆာဆူအိုလိုအသင်းတို့ကြား ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်လျက် ရှိနေသလို ဆာဆူအိုလိုဘက်ကလည်း သူတို့ကစားသမားအတွက် ယူရိုသန်း(၅၀)ထိ အလိုရှိနေကြောင်း အသိပေးထားပါတယ်။ ပီအက်စ်ဂျီဟာ ဒီရာသီမှာ ပေါ်တိုအသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဗီတင်ညာတစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ရပြီး ရီနာတိုဆန်းချက်စ် မီလန်ရှကရီညာနဲ့ ဆကန်မာကာတို့ကို ထပ်မံခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Exit mobile version