ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီနွေမှာ ဂိုးသမားတစ်ဦးကို အရ ခေါ်ယူသွားဖို့ ရှိနေရာ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းရဲ့ စပိန် လက်ရွေးစင် ဂိုးသမား ကီပါ အာရီဇာဘယ်လာဂါကို ခေါ်ယူဖို့ မျက်စိကျနေပြီး ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဘိုင်ယန်က သူတို့ရဲ့ ဂိုးသမားတစ်ဦးဖြစ်သူ ဆွစ်ဇာလန် ဂိုးသမားကြီး ယန်း ဆွန်းမားကို အင်တာမီလန်အသင်းဆီ ရောင်းချခဲ့ပြီးတဲ့နောက်ပိုင်း ဂိုးသမားတစ်ဦး ပြန်လည် ခေါ်ယူနိုင်ဖို့ကို ဦးစားပေး ကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဘိုင်ယန်က ဈေးကွက်အတွင်းမှာလည်း ဂိုးသမား အမြောက်အများကို ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အငှား ကမ်းလှမ်းမှုနဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် ပယ်ချထားခံခဲ့ရပြီး အခု အာဆင်နယ်အသင်းဆီ ရောက်ရှိတော့မယ့် ဘရန့်ဖို့ဒ် ဂိုးသမား ရာယာကိုလည်း ချဉ်းကပ်ခဲ့ပါသေးတယ်။

လက်ရှိ ဘိုင်ယန်မှာက ဂျာမနီရဲ့ ထိပ်တန်း ဂိုးသမားကြီး နူအာ ရှိနေပေမယ့်လည်း နူအာရဲ့ အသက်အရွယ် ကြီးရင့်လာမှုနဲ့ မကြာခဏ ဒဏ်ရာရနေမှု လက်စွမ်းပိုင်း ကျဆင်းလာမှုတွေက ဘိုင်ယန်အတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Bavarian Football Works

ဒါကြောင့်လည်း ဘိုင်ယန်က နူအာရဲ့ back-up အတွက်ကိုရော နူအာ လက်စွမ်းပိုင်း ကျဆင်းလာချိန် သူ့နေရာကို ရေရှည် အစားထိုးဖို့အတွက်ပါ ဂိုးသမားတစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန်က ချယ်လ်ဆီး ဂိုးသမား ကီပါကို အလိုရှိနေခဲ့တာကြောင့် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေကို ပိုမို တိုးမြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

လက်ရှိ ဘိုင်ယန်နည်းပြ သောမတ်စ် တူဟယ်လ်က ချယ်လ်ဆီးကို ကိုင်တွယ်ခဲ့စဉ် ဂိုးသမား ကီပါနဲ့ တွဲဖက် အလုပ်လုပ်ကိုင်ခဲ့ဖူးတာကြောင့် ကီပါကို ဘိုင်ယန်ဆီ ခေါ်ဆောင်သွားချင်နေပြီး တခြား options တွေအဖြစ်နဲ့ ဆီဗီလာရဲ့ မော်ရိုကို ဂိုးသမား ဘိုနိုအပြင် ဗီလာရီးယဲလ် ဂိုးသမားဟောင်း အေဂျက်စ် ဂိုးသမား ရူလီတို့ကိုလည်း ချိန်ရွယ်ထားလျက် ရှိနေပါတယ်။