ချယ်လ်ဆီးအသင်းရဲ့ နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါက သူရဲ့ချယ်လ်ဆီးအသင်းဖော်တွေအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မျှော်မှန်းချက် ထားရှိနေသေးတယ်ဆိုရင် ဒီထက်မကကို ပိုမိုလုပ်ဆောင်သွားနိုင်ဖို့ လိုအပ်ကြောင်းနဲ့ ပွဲအတွင်း ရရှိလာတဲ့ အခွင့်အရေးတွေကိုလည်း အကောင်းဆုံး အသုံးချနိုင်ဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Yahoo! Sports

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီး လီဗာပူးလ်အသင်းတို့အပြိုင် စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် ရပ်တည်နေတာ ဖြစ်ပေမယ့်လည်း နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၄)ပွဲအတွင်းမှာ လိဒ်စ်တစ်သင်းတည်းကိုသာ အနိုင်ရထားပြီး ဝက်စ်ဟမ်းကို ရှုံးနိမ့်ထားသလို အဲဗာတန်နဲ့ဝုလ်ဗ်တို့ကိုလည်း သရေကျထားခဲ့လို့ ထိပ်ဆုံးနေရာက မန်စီးတီးအသင်းနဲ့ပါ (၆)မှတ်အထိ ပြတ်တောက်သွားခဲ့ရတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ဝုလ်ဗ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း အသင်းရဲ့ စွမ်းဆောင်ရည်က အားရကျေနပ်စရာ အနေအထားမှာ ရှိမနေခဲ့ခြင်းကို အသင်းနောက်ခံလူ ရုူဒီဂါက သတိပေး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ရူဒီဂါက “ခင်ဗျားတို့အနေနဲ့ ကျွန်တော်တို့ရဲ့ အခြေအနေတွေကို သိထားပါမယ်။ ဒါပေမယ့် အဲ့ဒီရမှတ် တစ်မှတ်က ရိုးရိုးသားသား ပြောရရင် ဆုံးရှုံးမှုတစ်ခုလို ခံစားရတယ်။ အခြေအနေတွေနဲ့ အရာရာတိုင်းကတော့ အရေးမကြီးပါဘူး။ အဲ့ဒါကလည်း တကယ်တမ်းတော့ မကောင်းပါဘူး။ လက်ရှိ အခြေအနေတွေကြားထဲမှာ ပွဲရလဒ်ကောင်းဖို့အတွက် ပြင်ဆင်ရတယ်ဆိုတာကလည်း တကယ့်ကို မလွယ်ကူလှတဲ့ ကိစ္စရပ်ပါ။ ကျွန်တော်တို့တွေ အနိုင်(၃)မှတ်အတွက် ရောက်လာခဲ့တာ။ ဂိုးသွင်းယူနိုင်ဖို့အတွက် အခွင့်အရေးတွေကို ပိုပြီးပံ့ပိုးနိုင် ပိုပြီးအသုံးချနိုင်သင့်တယ်။ ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ဘူးဆိုရင်လည်း နိုင်ပွဲတစ်ပွဲ ရယူဖို့အတွက်ဆိုတာက ခက်ခဲသွားရလိမ့်မယ်။ ပထမပိုင်း(ဝုလ်ဗ်နဲ့ပွဲစဉ်) ပွဲကစားချိန်ကတော့ ကျွန်တော်တို့တွေအတွက် အတော်လေးကို ခက်ခဲခဲ့တယ်။ ပွဲကိုလည်း သူတို့တွေက အကြောက်အလန့်မရှိ ကစားပြီးတော့ ထိန်းချုပ်ထားနိုင်ခဲ့တယ်။ အရိုးသားဆုံးပြောရရင် ကျွန်တော်တို့အတွက် အခွင့်အရေးတွေ မရခဲ့သလောက်ပါပဲ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပွဲကို ပြန်စိုးမိုးလာတယ်။ ဒါပေမယ့် ဒီထက်မက ပိုလုပ်ဆောင် ပိုစွန့်စားနိုင်သင့်တယ်။ အဲ့ဒီရမှတ်လေး တစ်မှတ်တည်းနဲ့ ကျွန်တော်တို့တွေ မပျော်ရွှင်နိုင်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ညမှာတော့ အက်စတွန်ဗီလာအသင်းနဲ့ ဗီလာပတ်ခ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရဦးမှာဖြစ်လို့ အမှတ်ထပ်မံ မဆုံးရှုံးရအောင် ကြိုးစားသွားဖို့ လိုအပ်နေပါတယ်။