ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ လူငယ် တောင်ပံ ကစားသမား တာဟစ်ချောင်ကတော့ လာမယ့် ဘောလုံးရာသီမှာ ဂျာမန် ဘွန်ဒက်လီဂါကဘပ် ဝါဒါဘရီမင် အသင်းဆီ အငှားနဲ့ သွားရောက် ကစားဖို့ နီးစပ် နေပြီလို့ သိရပါတယ်။ အသက်၂၀အရွယ် နယ်သာလန် လူငယ် တောင်ပံ ကစားသမား တာဟစ်ချောင်ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ဘယ်တောင်ပံ ၊ ညာတောင်ပံ နှစ်ခုစလုံးမှာ ကစားနိုင်သူ ဖြစ်သလို အလိမ်အခေါက် စွမ်းရည်နဲ့ ဖန်တီးမှု အားကောင်းတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: BILD

ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ BILD ရဲ့ ဖော်ပြချက်အရတော့ ဝါဒါဘရီမင် အသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့ဖို့ အတွက် တာဟစ်ချောင်နဲ့ ဝါဒါဘရီမင်အသင်းတို့ရဲ့ ကြားထဲမှာ သဘောတူညီမှု ရရှိထားပြီး ဝါဒါဘရီမင် အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ကြားထဲမှာ သဘောတူညီမှု ရဖို့ပဲ လိုအပ်တော့တယ်လို့ သိရပါတယ်။ ဝါဒါဘရီမင်အသင်းဟာ တာဟစ်ချောင် ကို တစ်နှစ် အငှားစာချုပ်နဲ့ ငှားရမ်းဖို့ ကြိုးစား နေတာ ဖြစ်ပြီး မန်ယူအသင်းဘက်က လည်း တာဟစ်ချောင်ရဲ့ ခြေစွမ်းတွေ ပိုမို တိုးတက်လာစေဖို့ အတွက် အငှားချမယ့် ကိစ္စကို စိတ်ဝင်စား နေကြောင်း အင်္ဂလန် သတင်းမီဒီယာတွေက ဆိုထားကြပါတယ်။

Photo Credit: BILD

BILD သတင်းဌာနရဲ့ အဆိုအရ တာဟစ်ချောင်ရဲ့ အေးဂျင့်ဖြစ်သူ အာကန်အယ်လ်ခန် ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဝါဒါဘရီမင်အသင်းရဲ့ အားကစားဒါရိုက်တာ ဖရန့်ဘော်မန်းနဲ့ တွေ့ဆုံခဲ့ပြီး တာဟစ်ချောင်ရဲ့ အပြောင်းအရွှေ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အာကန်အယ်လ်ခန်ဟာ တာဟစ်ချောင်နဲ့ ဝါဒါဘရီမင်အသင်းတို့ရဲ့ ကြားထဲမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်းကို BILD သတင်းဌာနထံ အတည်ပြုသွားပြီး ယနေ့မှာပဲ မန်ယူအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့လည်း ဆိုသွားခဲ့ပါတယ်။ တာဟစ်ချောင်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အာကန်အယ်လ်ခန်က ” တာဟစ်ချောင်က ဘွန်ဒက်လီဂါမှာ ကစားချင်နေပါတယ်။ ကျွန်တော် ဒီကိစ္စကို မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ကြာသပတေးနေ့မှာ ဆွေးနွေးသွားမှာပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။