ဘာစီလိုနာအသင်းဟာ အခု ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင်အတွင်းမှာ အသင်းအတွက် နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူသွားချင်နေပြီး ဘယ်ခြမ်းခံစစ် နေရာအတွက်ကို ဦးစားပေး အားဖြည့်သွားချင်နေတဲ့အတွက် အေဂျက်စ်အသင်းရဲ့ အာဂျင်တီးနား ဘယ်နောက်ခံလူ နီကိုလပ်စ်တာဂလီယာဖီဂိုကို ချိတ်ဆက်လာခဲ့ပြီး ကစားသမားကိုယ်တိုင်ကပါ ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေတာကြောင့် သူရဲ့ ကလပ်အသင်းကို ဖိအားပေးသွားဖွယ် ရှိနေပါတယ်။

Photo Credit : Sports Finding

အသက်(၂၉)နှစ်အရွှယ် အာဂျင်တီးနားလက်ရွေးစင် ဘယ်နောက်ခံအစွန်လူ တာဂလီယာဖီဂိုဟာ ၂၀၁၈ခုနှစ်ကတည်းက အေဂျက်စ်အသင်းမှာ ပါဝင်ကစားခဲ့တာဖြစ်ပြီး သူရဲ့ နည်းစနစ် ကြွယ်ဝမှု မမောနိုင်မပန်းနိုင် သက်လုံအားကောင်းကောင်းနဲ့ ကစားနိုင်မှုတွေနဲ့ ကျော်ကြားလာခဲ့သူလည်း ဖြစ်ပါတယ်။ အေဂျက်စ်အသင်းအတွက် (၁၄၆)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့တဲ့ တာဂလီယာဖီဂိုကို ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အေဂျက်စ်အသင်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ပိုမိုလူသိများလာခဲ့တာဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိပါ ပို့ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : BeSoccer

ဒီလို ဘောလုံးအရည်အသွေးကောင်းတွေ ကြွယ်ဝတဲ့ တာဂလီယာဖီဂိုကို အခု ဆောင်းစျေးကွက်အတွင်းမှာ ဘာစီလိုနာနဲ့ ချယ်လ်ဆီးအသင်းတို့ကနေ အပြိုင်ချဉ်းကပ်နေကြပြီး လတ်တလောမှာတော့ ဘာစီလိုနာအသင်းက ဒီကစားသမားကို အလိုချင်ဆုံး ကလပ်အသင်း ဖြစ်နေရပါတယ်။ အေဂျက်စ်အသင်းကလည်း သူတို့ရဲ့ ဘယ်နောက်ခံလူကို ရောင်းချသွားဖို့ ဆန္ဒရှိနေပေမယ့် ကစားသမားအတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့မှ ရောင်းချသွားချင်နေတာ ဖြစ်သလို ဘာစီလိုနာအသင်းကတော့ တာဂလီယာဖီဂိုကို ဒီနှစ်ရာသီ အကုန်ထိ အငှားနဲ့သာ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒီလို အနေအထားတွေ ဖြစ်နေတာကြောင့် အေဂျက်စ်ဘက်ကနေ တာဂလီယာဖီဂိုကို ဘာစီလိုနာဆီ စေလွှတ်ဖို့ ဆန္ဒမရှိ ဖြစ်နေရတဲ့အပေါ် ကစားသမားကိုယ်တိုင်က သူ့ကို ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ ဖိအားပေး တောင်းဆိုသွားဖွယ် ရှိနိုင်တယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာပါတယ်။ လက်ရှိ ဘာစီလိုနာအသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာ ဝါရင့်နောက်ခံလူ ယော်ဒီအယ်လ်ဘာနဲ့ လူငယ်ကစားသမားလေး အဲလက်စ်ဘယ်လ်ဒီတို့ ရှိနေပေမယ့် ဘယ်ခြမ်းခံစစ်ကို ပိုမိုအားကောင်းစေဖို့နဲ့ လိုအပ်ရင် (၃)ယောက်တန်း ကွင်းလယ်ရဲ့ ဘယ်ခြမ်းမှာပါ ထားသုံးနိုင်ဖို့အတွက် တာဂလီယာဖီဂိုကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။