ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာမှ ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်ကနေ အင်္ဂလန် အင်အားကြီးကလပ် လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ဆိုဘိုဇလိုင်းက သူဟာ ရာသီသစ်မှာ လီဗာပူးနဲ့အတူ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်အောင် ပစ်မှတ်ထား ကြိုးစားသွားမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဩစတီးယား လက်ရွေးစင် ကွင်းလယ်လူ ဆိုဘိုဇလိုင်းက ကွင်းလယ်တိုက်စစ်နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပေမယ့် လိုအပ်ရင် ဗဟိုကွင်းလယ်နဲ့ တောင်ပံတွေကိုပါ ထွက်ကစားနိုင်သူ ဖြစ်ပြီး သူက လိုက်ပ်ဇစ်အတွက် ၂ရာသီ အတွင်းမှာ ပြိုင်ပွဲစုံ ၉၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၀ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ဆိုဘိုဇလိုင်းက ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ကွင်းလယ်ဖန်တီးရှင် တဦး ဖြစ်သလို အလွတ်တည်ကန်ဘောတွေ ၊ အဝေးကန်ချက်တွေနဲ့ သွင်းဂိုးတွေ သွင်းယူနိုင်စွမ်းလည်း ရှိတာကြောင့် ကွင်းလယ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတဲ့ လီဗာပူးက သူ့ကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၀သန်း အထိ ပေးချေကာ အမိအရ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုဘိုဇလိုင်းက လီဗာပူးဆီ ပြောင်းရွှေ့ပြီးနောက် လီဗာပူးဂန္တဝင် ကွင်းလယ်လူ ဂျာရတ်ရဲ့ ကျောနံပါတ်၈ကို ရယူခဲ့ပြီး လက်ရှိမှာတော့ သူ့အသင်းဟောင်း လိုက်ပ်ဇစ်ရဲ့ ပရိသတ်တွေကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ လိုက်ပ်ဇစ်ကို စွန့်ခွာကာ ယူရိုပါလိဂ်ဝင်ခွင့်သာ ရထားတဲ့ လီဗာပူးဆီ ပြောင်းရွှေ့သွားတဲ့ ဆိုဘိုဇလိုင်းကို ရည်မှန်းချက် မမြင့်မားတဲ့သူလို့ နာမည်တပ်ကာ ဝေဖန်တိုက်ခိုက်နေကြပါတယ်။

Photo Credit: Goal

ဆိုဘိုဇလိုင်းကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခေါင်းထဲ မထည့်ထားပဲ သူက လီဗာပူးလို အသင်းကြီးဆီ ပြောင်းခွင့်နဲ့ ချန်ပီယံလိဂ်မှာ ဝင်ပြိုင်ခွင့်ကို ပျော်ပျော်ကြီး လဲခဲ့တာ ဖြစ်ကြောင်းနဲ့ သူဟာ လီဗာပူးနဲ့အတူ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် ကြိုးစားသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ဆိုဘို​ဇလိုင်းက – “ကျွန်တော်က လီဗာပူးဆီ ပြောင်းခွင့်နဲ့ ချန်ပီယံလိဂ်မှာ ဝင်ပြိုင်ခွင့်ကို ပျော်ပျော်ကြီး လဲခဲ့တာပါ။ ကျွန်တော်က ချန်ပီယံလိဂ်မှာ ဝင်မကစားရပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ လီဗာပူးနဲ့အတူ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်။ ဒါက ကျွန်တော်နဲ့ လီဗာပူးရဲ့ ပန်းတိုင်ပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။