ဂျုဗင်တပ်အသင်းရဲ့ ဂိုးသမား ဆက်စနီကတော့ အသင်းဖော် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နှစ်က အက်သလက်တီကိုအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကလို ဟက်ထရစ် သွင်းဂိုး ပြန်သွင်းယူနိုင်ပြီး အံ့အားသင့်ဖွယ် အရာကို ပြန်ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ဂျုဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ နှစ်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နည်းပြ ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ် ကစားခဲ့စဉ်က (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယကျော့မှာ ရော်နယ်ဒိုရဲ့ သွင်းဂိုးကြောင့် နောက်တစ်ဆင့် တက်သွားခဲ့ပါတယ်။

Photo Credit: Goal

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နှစ်က အက်သလက်တီကိုအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အနိုင်ရရှိသွားပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့် ကွာတား ဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ဂျုဗင်တပ်အသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ လိုင်ယွန်အသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပေမယ့် ဂျုဗင်တပ် ဂိုးသမား ဆက်စနီကတော့ လိုင်ယွန်အသင်းကို ရော်နယ်ဒိုရဲ့ ဟက်ထရစ် သွင်းဂိုးနဲ့ အနိုင်ပြန်ရနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

Tuttosport မှာ ဂိုးသမား ဆက်စနီက “အသင်းက အဆင်သင့် ဖြစ်ပြီလို့ ကျွန်တော် မြင်ပါတယ်။ အခုပွဲစဉ်က ပြီးခဲ့တဲ့ နှစ်က အက်သလက်တီကိုအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကလို အခြေအနေမျိုး ဖြစ်နေပါတယ်။ လက်ရှိရာသီမှာလည်း ကျွန်တော်တို့ မနှစ်ကလို ကစားနိုင်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ရော်နယ်ဒိုက ဟက်ထရစ် ပြန်သွင်းမလား။ ရော်နယ်ဒို ပြန်သွင်းနိုင်မယ် ဆိုတာကို ဘယ်သူကမှ မယုံကြည့်ဘဲ မနေပါဘူး။ ရော်နယ်ဒိုက အဆုံးအဖြတ်ပေးတဲ့ ပွဲစဉ်တွေမှာ ဆိုရင် ပုံမှန်အတိုင်း ခြားနားမှုတွေ ပြုလုပ်နိုင်ပါတယ်။ သူက အံ့အားသင့်ဖွယ်အရာကို ပြုလုပ်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီ။ အရေးကြီးတဲ့ သွင်းဂိုးအတွက် ကစားသွားမယ်”လို့ ပြောကြားခဲ့ပါတယ်။