မကြာသေးခင်ကမှ ဘန်လေအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ဂိုးသမားဖြစ်သူ နစ်ပုတ်ကို ခေါ်ယူထားနိုင်ခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ အခုလည်း နောက်ထပ် ကစားသမားသစ်တစ်ဦးဖြစ်တဲ့ လိုင်လီ နောက်ခံလူဖြစ်တဲ့ ဆဗန်ဘော့မန်းကိုပါ ထပ်မံခေါ်ယူလိုက်နိုင်ပြန်ပြီဖြစ်ပြီး ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့ (၅)နှစ်စာချုပ်ပါ ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
Photo Credit : Daily Mail
အသက်(၂၂)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် နောက်ခံကစားသမား ဘော့မန်းဟာ နယ်သာလန် ကစားသမားကောင်းတွေ ထွက်ပေါ်လေ့ရှိတဲ့ အေဂျက်စ်အသင်း လူငယ်အကယ်ဒမီရဲ့ ကစားသမားဟောင်းဖြစ်ပြီး ၂၀၂၀ခုနှစ်မှာ အေဂျက်စ်ကနေ လိုင်လီအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ လိုင်လီအသင်းနဲ့ လီဂူးအမှတ်ပေးချန်ပီယံဆုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ ဘော့မန်းဟာ လိုင်လီအတွက် နှစ်ရာသီ ပါဝင်ကစားပေးခဲ့ပြီး အသင်းရဲ့ အဓိကနောက်ခံလူအဖြစ် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ကလပ်အသင်းများစွာက ဘော့မန်းကို စိတ်ဝင်စားလာခဲ့ပါတယ်။
Photo Credit : CaughtOffside
လီဗာပူးလ်အသင်းရဲ့ နယ်သာလန်ခံစစ်မှူး ဗန်ဒိုက်ရဲ့ ကစားဟန်နဲ့ပါ ဆင်တူတယ်လို့ သတ်မှတ်ခံနေရတဲ့ ဘော့မန်းကို စီးရီးအေချန်ပီယံ အေစီမီလန် အပါအဝင် လီဂူးချန်ပီယံ ပီအက်စ်ဂျီနဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမား ခေါ်ယူမှုတွေအတွက် ငွေကြေးများစွာ အသုံးပြုဖွယ် ရှိနေတဲ့ နယူးကာဆယ်အသင်းတို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး လက်ရှိမှာတော့ နယူးကာဆယ်အသင်းက တခြားသော အသင်းတွေထက် လက်ဦးမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဘော့မန်းဟာ အေစီမီလန်အသင်းနဲ့ သတင်းထွက်နေပြီး မီလန်ကို ပြောင်းရွှေ့လုနီးပါးထိ ဖြစ်ခဲ့ရပေမယ့် ဒီအပြောင်းအရွှေ့ အထမမြောက်သွားခဲ့ရတာကြောင့် နယူးကာဆယ်ဘက်က ဘော့မန်းကို အရခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းလာခဲ့ရာ ပြောင်းရွှေ့ကြေး ယူရို(၃၇)သန်းနဲ့ သဘောတူညီမှု ရရှိခဲ့သွားတာ ဖြစ်ပါတယ်။ ဘော့မန်းဟာ မနေ့ညမှာပဲ နယူးကာဆယ်အသင်းနဲ့ ဆေးစစ်မှုတွေ ခံယူခဲ့ြ့ပီး ဆေးစစ်မှုလည်း အောင်မြင်သွားခဲ့ရသလို (၅)နှစ်စာချုပ်ပါ ချုပ်ဆိုသွားမှာ ဖြစ်တယ်လို့လည်း အပြောင်းအရွှေ့သတင်း ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။ ဘော့မန်းဘက်ကလည်း သူရဲ့အပြောင်းအရွှေ့ ဖြစ်ပေါ်သွားခဲ့ပြီဖြစ်ကြောင်း သူရဲ့ အင်စတာဂရမ်ပေါ်မှာ ဖော်ပြသွားခဲ့ပြီး အဲ့ဒီမှာ လိုင်လီအသင်းနဲ့ လိုင်လီပရိသတ်တွေကို နှုတ်ဆက်ကြောင်း ဖော်ပြထားခဲ့ပါတယ်။