ဘောလုံးရာသီတစ်ခု ကုန်ဆုံးလုနီးပါးအချိန်ကို ရောက်ရှိနေပြီဖြစ်လို့ ဒီအချိန်မှာ ဘောလုံးအသင်းတိုင်းက လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေကို စတင်လုပ်ဆောင်သွားဖို့ ဟန်ပြင်နေကြပါပြီ။ ကလပ်အသင်းကြီးတွေကလည်း လာမယ့်ရာသီအတွင်း အသင်းရဲ့ တိုက်စစ်ကို ပိုမိုအင်အားတောင့်တင်းနေစဖို့အတွက် ပြည်ပလိဂ်တွေက နာမည်ကျော်တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ ချိန်ရွှယ်နေကြပါတယ်။ ဒါပေမယ့် နာမည်ကြီးတိုင်းလည်း မကျင်လည်ဖူးသေးတဲ့ လိဂ်တစ်ခုမှာ အ့ံဝင်ခွင်ကျဖြစ်အောင် ကစားနိုင်ဖို့ဆိုတာ ခက်ခဲတာကြောင့် တစ်ခါတလေမှာ ဂျင်းမိသလို ဖြစ်တတ်ရပါတယ်။ ဒီလိုပဲ တကယ့်ကို နာမည်ကြီးပေမယ့် ပရီးမီးယားလိဂ်မှာ လုံးဝကို ခြေစွမ်းမပြနိုင်ကြတဲ့ တိုက်စစ်မှူးတွေကို ဖော်ပြပေးချင်ပါတယ်။

Photo Credit : The Sun

ဖော်လန်

ဒီဥရုဂွေးတိုက်စစ်မှူး ဒီယေဂိုဖော်လန်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းကို မပြောင်းရွှေ့ခင်က အာဂျင်တီးနား ထိပ်သီးကလပ် အင်ဒီပန်းဒီယန့်အသင်းမှာ ပါဝင်ကစားခဲ့စဉ်ကတည်းက နာမည်ကျော်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကို ရောက်လာစဉ်မှာတော့ သွင်းဂိုး(၁)ဂိုး ရရှိဖို့အတွက် (၃၄)ပွဲအထိကို ကြာမြင့်ခဲ့ရပါတယ်။ အသင်းနဲ့ (၂)နှစ်ကြာပြီးနောက် လမ်းခွဲခဲ့တဲဲ့ ဖော်လန်ဟာ လာလီဂါမှာတော့ အောင်မြင်မှုတွေ ပြန်လည်ရယူခဲ့ပါတယ်။

Photo Credit : The Sun

မိုရီယန်တေးစ်

ရီးရဲလ်မက်ဒရစ်အသင်းမှာ အောင်မြင်မှုတွေများစွာ ရယူထားနိုင်ခဲဲ့တဲ့ စပိန်နာမည်ကျော် တိုက်စစ်ကစားသမား ဖာနန်ဒိုမိုရီယန်တေးစ်ဟာ လီဗာပူးလ်ကို ဘင်နီတက်ဇ်ကိုင်တွယ်နေစဉ်မှာပဲ ရောက်ရှိလာခဲ့တာဖြစ်ပြီး လီဗာပူးလ်မှာ ရုန်းကန်ခဲ့ရကာ ပရီးမီးယားလိဂ် (၄၁)ပွဲအတွင်းမှာ သွင်းဂိုး(၈)ဂိုးပဲ ပိုင်ဆိုင်ခဲ့ရပါတယ်။ မိုရီယန်တေးစ်ဟာ လီဗာပူးလ်မှာ (၁)နှစ်ခွဲသာ ကစားခဲ့ရပြီး စပိန်ကို ပြန်သွားခဲ့ရပါတယ်။

Photo Credit : The Sun

ခရက်စပို

ဘောလုံးလောကရဲ့ ပြောင်းရွှေ့ကြေးအမြင့်မားဆုံးစာရင်းမှာ ပါဝင်လို့နေတဲ့ ခရက်စပိုဟာလည်း နာမည်ကျော် တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး အင်တာမီလန်ကနေ ချယ်လ်ဆီးအသင်းဆီကို ၂၀၀၃ခုနှစ်က ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ ဘယ်လိုမှ အံ့မဝင်နိုင်တာကြောင့် အင်တာနဲ့အေစီမီလန်အသင်းတွေဆီကို အငှားပြန်ချထားခဲ့ရာကာ ၂၀၀၈ခုနှစ်မှာတော့ အသင်းဟောင်းအင်တာဆီ အပြီးသတ်ပြန်ရောင်းလိုက်ရပါတယ်။

Photo Credit : The Sun

ရော်ဘင်ဟို

ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်ဘင်ဟုုိက သူရဲ့ကလပ်ဟောင်းတွေဖြစ်တဲ့ ဆန်းတို့စ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ၂၀၀၈ခုနှစ်မှာ ရီးရဲလ်ကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် (၂)ရာသီအတွင်းမှာ အသင်းအတွက် (၁၄)ဂိုးပဲ သွင်းယူနိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ အသင်းဟောင်းဆန်းတို့စ်ဆီ အငှားပြန်ချခဲ့ရပြီး အေစီမီလန်အသင်းဆီကိုပါ အပြီးသတ်ရောင်းချခဲ့ရပါတယ်။

Photo Credit : The Sun

ရှက်ချင်ကို

ယူကရိန်းတိုက်စစ်မှူးကြီး ရှက်ချင်ကိုကတော့ အေစီမီလန်အသင်းမှာ အရမ်းကို တောက်ပခဲ့သူဖြစ်ပြီး မီလန်မှာ သွင်းဂိုးပေါင်း(၂)ရာကျော်လောက်အထိ ရယူနိုင်ခဲ့သူဖြစ်ကာ ၂၀၀၆ခုနှစ်ကမှ ချယ်လ်ဆီးအသင်းဆီ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ စီးရီးအေမှာ အလွန်တောက်ပခဲ့တဲ့ ရှက်ချင်ကိုဟာ ပရီးမီးယားလိဂ်တော့ ဘယ်လိုမှ အ့ံဝင်ခွင်ကျခြင်းမရှိလို့ ၂၀၀၉ခုနှစ်မှာပဲ မီလန်အသင်းဆီကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ရပြီး အဲ့ဒီနောက်မှာတော့ ဒိုင်နမိုကိယက်ဖ်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခဲဲ့ပါတယ်။