MySport Myanmar

စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ ဒီရာသီမှာ တန်းဆင်းနိုင်ခြေ မရှိတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့က တော့တင်ဟမ် ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)ထိ ရောက်ရှိသွားခဲ့ရပြီး တန်းဆင်းဇုန်က အစ်ဝစ်ချ်တောင်းနဲ့ပါ (၁၂)မှတ်ကွာအထိ ရောက်သွားခဲ့ရသလို တန်းဆင်းဇုန် အန္တရာယ်နဲ့ပါ တဖြည်းဖြည်း နီးကပ်လာခဲ့ပါတော့တယ်။

ပရီးမီးယားလိဂ်မှာ (၂၅)ပွဲ ကစားပြီးချိန် ရှုံးပွဲ (၈)ပွဲအထိ ရှိထားခဲ့ပြီး ရမှတ် (၂၉)မှတ်သာ ရထားသေးတဲ့ ယူနိုက်တက်အသင်းဟာ နှစ်ပေါင်း (၅၁)နှစ်တာ ကာလအတွင်း အဆိုးရွှားဆုံး အခြေအနေတစ်ခုဆီ ရောက်နေရသလို လက်ရှိအသင်းမှာကလည်း ဒဏ်ရာရ ကစားသမား အရေအတွက်က များပြားနေတာဟာလည်း အသင်းအတွက် ထိုးနှက်ချက် ဖြစ်နေရပါတယ်။

Photo Credit : Sky Sports

နည်းပြ ရူဘင် အမော်ရင်လက်ထက် နည်းပြဟောင်း တန်ဟက်ဂ်ထက်တောင် အခြေအနေတွေ ဆိုးနေရတယ်ဆိုတာကို အားလုံးနီးပါးက လက်ခံထားကြပေမယ့် အမော်ရင်က သူ့ရာထူးအတွက် စိုးရိမ်ခြင်း မရှိသလို ယူနိုက်တက် တာဝန်ရှိသူတွေဘက်ကလည်း အမော်ရင်ကို ထုတ်ပယ်ဖွယ် မရှိနိုင်ဘဲ အချိန်တစ်ခုထိ စောင့်ကြည့်နိုင်ပါတယ်။

ဒီအခြေအနေမှာ နာမည်ကျော် ဘောလုံး Stats အဖွဲ့အစည်း Opta ရဲ့ AI စူပါကွန်ပျူတာကနေ ယူနိုက်တက်အတွက် ၂၀၂၄-၂၅ ရာသီရဲ့ အဆုံးသတ်မှာ ဘယ်လိုဖြစ်လာမယ်လို့ ခန့်မှန်းထားပြီး ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အနေနဲ့ အကောင်းဆုံး ရပ်တည်နိုင်မယ့် အဆင့်ကိုလည်း အဆင့်(၁၄)လို့ တွက်ချက်ပေးထားခဲ့ပါတယ်။

Photo Credit : Vietnam Plus

စူပါကွန်ပျူတာရဲ့ ခန့်မှန်း တွက်ချက်မှုမှာ ယူနိုက်တက်က အဆင့်(၁၄)နဲ့ ရပ်တည်နိုင်ဖို့ (၁၉)% အဆင့်(၁၅)နဲ့က (၁၇.၉)% (၁၆)နဲ့က (၁၂.၁)%တို့နဲ့ တန်းဆင်းသွားဖို့ကတော့ (၀.၁)%လေးသာ ရှိနေတဲ့အတွက် တန်းဆင်းနိုင်ခြေ မရှိဘူးလို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်(၅)အတွင်း ဝင်နိုင်ဖို့က (၀)%သာ ရှိနေသလို ထိပ်ဆုံး(၁၀)သင်းအတွင်း ရပ်တည်နိုင်ဖို့ကလည်း (၅.၅)%ပဲ ရှိနေပါတယ်။

ဒီရာသီမှာ အမှတ်ပေးဇယား ထိပ်ဆုံးကနေ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းက အကြိမ်(၂၀)မြောက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာဖို့ (၈၅.၈)%တောင် ရှိနေတယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းလို့ထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုတော့ လီဗာပူးလ် အာဆင်နယ် မန်စီးတီးနဲ့ နော်တင်ဟမ် ဖောရက်စ်တို့က ရရှိလိမ့်မယ်လို့ တွက်ချက်ထားပါတယ်။

Exit mobile version