MySport Myanmar

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် စူပါကွန်ပျူတာရဲ့ ဟောကိန်းထွက်ရှိ

လာမယ့်ဘောလုံးရာသီသစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲအတွက် စူပါကွန်ပျူတာရဲ့ ဟောကိန်းအသစ်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ နည်းပြသစ် အဲရစ်တန်ဟက်ဂ်နဲ့အတူ စတင်ပူးပေါင်းတော့မယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အလားအလာ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးနဲ့ ဒုတိယနေရာသာ ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပြိုင်ဆိုင်မှုမှာ ဘယ်သူက အသာရဦးမလဲဆိုတဲ့ မေးခွန်းတွေက ဘောလုံးပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေခဲ့ရပြီး စူပါကွန်ပျူတာဘက်က ဘယ်လိုတွေ တွက်ချက်ထားမလဲဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

Photo Credit : The Sun

စူပါကွန်ပျူတာရဲ့ ဟောကိန်းထဲမှာတော့ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးအသင်းကပဲ (၃)နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ထားခဲ့သလို လီဗာပူးလ်ကတော့ ဒုတိယနေရာကို ဆက်လက်ရရှိမှာဖြစ်ပြီး ချယ်လ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတွေကလည်း ဒီရာသီမှာ ရရှိခဲ့တဲ့ အဆင့်(၃)(၄)နေရာတွေမှာပဲ ဆက်လက်ရပ်တည်ရမှာ ဖြစ်တယ်လို့ ခန့်မှန်းတွက်ဆထားခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားချက်တစ်ခုကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဆင့်(၆)နေရာသာ ရရှိခဲ့တဲ့ ယူနိုက်တက်က တန်ဟက်ဂ်လက်ထက်မှာ အဆင့်(၅)နေရာထိ ရောက်ရှိလာနိုင်မှာ ဖြစ်သလို အဆင့်(၅)နေရာက အာဆင်နယ်အသင်းကတော့ အဆင့်(၇)အထိကို ကျဆင်းသွားရလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

Photo Credit : Sky Sports

လာမယ့်နွေစျေးကွက်မှာ ကစားသမား အင်အားဖြည့်တင်းမှုတွေ အလုံးအရင်းနဲ့ကို လုပ်ဆောင်လာဖွယ်ရှိတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းက လာမယ့်ရာသီမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာထိ ရောက်ရှိလာပြီး ဥရောပဝင်ခွင့်ကိုပါ အရယူနိုင်လိမ့်မယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းထားခဲ့ပါတယ်။ ဒါ့အပြင် စူပါကွန်ပျူတာက မကြာခင်မှာ ပရီးမီးယားလိဂ်ကို တတ်လှမ်းနိုင်ဖို့အတွက် ပလေးအော့ဖိုင်နယ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ ဟတ်စ်ဒါဖီးလ်အသင်းတို့မှာလည်း နော်တင်ဟမ်ကသာ နိုင်ပွဲရလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့သလို နော်တင်ဟမ်ကလည်း ပရီးမီးယားလိဂ်မှာ တစ်ရာသီသာ ကစားရပြီး တန်းပြန်ဆင်းသွားရလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ ဝက်စ်ဟမ်းယူနိုက်တက် လက်စတာစီးတီးနဲ့ အက်စတွန်ဗီလာအသင်းတွေကတော့ အမှတ်ပေးဇယားရဲ့ Top Ten စာရင်းထဲမှာ အသီးသီး ရပ်တည်နိုင်လိမ့်မယ်လို့ တွက်ဆထားခဲ့သလို ပရီးမီးယားလိဂ်ကို ပြန်လာလိုက် ပြန်ဆင်းသွားလိုက် ဖြစ်နေတဲ့ လန်ဒန်အခြေစိုက် ကလပ်အသင်း ဖူလ်ဟမ်ကလည်း ဒီတခါမှာ ပရီးမီးယားလိဂ်ကနေ ထပ်မံတန်းဆင်းရဦးမယ်လို့ စူပါကွန်ပျူတာက ဟောကိန်းထုတ်သွားခဲ့ပါတယ်။

Exit mobile version