MySport Myanmar

ဒီရာသီ ချန်ပီယံလိဂ်မှာ အာဆင်နယ် ဗိုလ်စွဲမယ်လို့ စူပါကွန်ပျူတာ ဟောကိန်းထုတ်

အာဆင်နယ်အသင်းဟာ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကြီးကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရရှိ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ စူပါကွန်ပျူတာကနေ ခန့်မှန်းလိုက်ပါတယ်။

အာဆင်နယ်အသင်းက လွန်ခဲ့တဲ့ ၂၀၀၅-၀၆ ဘောလုံးရာသီမှာပဲ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဗိုလ်လုပွဲအဆင့်ဆီ ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းနိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အရေးနိမ့်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : The Mirror

ဒါ့အပြင် အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမတိုင်ခင် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့တာပင် (၅)ရာသီလောက်အထိပါ ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။ ဒီရာသီမှ အာဆင်နယ်က ချန်ပီယံလိဂ် ပြန်လည် ကစားခွင့် ရရှိခဲ့ပြီး အခုဆိုရင် အုပ်စုဗိုလ်နေရာနဲ့ပါ (၁၆)သင်းအဆင့်ထိပါ တက်လှမ်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အုပ်စုပွဲစဉ် (၆)ပွဲအနက် (၄)ပွဲကို အနိုင်ရခဲ့ပြီး လန်းစ်နဲ့ အဝေးကွင်းမှာ ရှုံးပွဲတွေ့ခဲ့ကာ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ PSV ကို သရေကျထားခဲ့ပါတယ်။ ဒါပေမယ့် စူပါကွန်ပျူတာကတော့ အုပ်စုပွဲအားလုံး အနိုင်ရထားတဲ့ မန်စီးတီး ရီးယဲလ်တို့ထက် အာဆင်နယ်ကိုသာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်တယ်လို့ ခန့်မှန်း တွက်ဆိုထားပါတယ်။

Photo Credit : The Sun

Online Betting Guide (OLBG) ကနေ ဖန်တီးထားတဲ့ စူပါကွန်ပျူတာက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေ အရှိဆုံး အသင်းတွေကို တွက်ချက်ခဲ့ရာ အာဆင်နယ်အသင်းက (၂၂)% နဲ့ ထိပ်ဆုံးနေရာ ၊ မန်စီးတီးက (၂၀)%နဲ့ ဒုတိယနေရာ ၊ ဘိုင်ယန်က (၁၅)%နဲ့ တတိယနေရာနဲ့ ရီးယဲလ်က (၁၂)%နဲ့ စတုတ္တနေရာတို့မှာ ရေပန်းစားနေကြပါတယ်။

လက်ရှိ အုပ်စုပထမနေရာနဲ့ (၁၆)သင်းအဆင့်ဆီ တက်လှမ်းခဲ့တဲ့ အာဆင်နယ်ဟာ (၁၆)သင်းအဆင့်မှာ အုပ်စုဒုတိယက တက်လှမ်းလာတဲ့ အသင်းတွေဖြစ်သော ပီအက်စ်ဂျီ အင်တာမီလန် နာပိုလီ ကိုပင်ဟေဂင် လာဇီယို လိုက်ပ်ဇစ် ပေါ်တို အစရှိတဲ့ အသင်းတွေထဲကမှ တစ်သင်းသင်းနဲ့ တွေ့ဆုံရဖွယ် ရှိနေပါတယ်။

Exit mobile version