ယူရို-၂၀၂ဝပြိုင်ပွဲ ကိုပါအမေရိကပြိုင်ပွဲတွေ ပြီးဆုံးသွားချိန်မှာ ဆက်လက်ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာပြိုင်ပွဲအဖြစ် တိုကျိုအိုလံပစ်ပွဲသာ ရှိနေတော့ပြီး ဒီပြိုင်ပွဲတွေ ပြီးဆုံးသွားချိန်မှာတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကို ပြန်လည်စတင်သွားတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာကလည်း ဘောလုံးရာသီသစ်ကို ပြန်လည်စတင် ကျင်းပဖို့က တစ်လဝန်းကျင်လောက်သာ ရှိနေတော့တာကြောင့် ပြိုင်ပွဲတွေ စတင်ခင်မှာပဲ စူပါကွန်ပျူတာကနေ တွက်ချက်မှုတွေ ပြုလုပ်ခဲ့ရာ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ပတ်သက်တဲ့ ဟောကိန်းတွေကို အရင်ဆုံး ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Football Reporting

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းက ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အဆင့်(၂)နေရာက မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကို (၁၂)မှတ််အထိ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာလည်း မန်စီးတီးအသင်းကပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ကာကွယ်နိုင်လိမ့်မယ်လို့ အတိအကျ ဟောကိန်းထုတ်ထားခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဒုတိယနေရာကို ရရှိခဲ့တဲ့ ယူနိုက်တက်အသင်းကတော့ လာမယ့်ရာသီအတွင်း အဆင့်(၄)နေရာနဲ့သာ ကျေနပ်ရလိမ့်မယ်လို့ စူပါကွန်ပျူတာကနေ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

Photo Credit : NUFC Blog

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက အသင်းရဲ့ အဓိက တိုက်စစ်မှူးကြီး အဂွဲရိုးကို လက်လွတ်လိုက်ရပေမယ့်လည်း သူ့နေရာမှာ အစားထိုးဖို့အတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ကို မဖြစ်မနေ ခေါ်ယူသွားမှာဖြစ်လို့ ချန်ပီယံဆုကို သေချာပေါက် ကာကွယ်နိုင်မယ်လို့ စူပါကွန်ပျူတာကနေ ဟောကိန်းထုတ်ထားရတာ ဖြစ်ပါတယ်။ ဂျေဒန်ဆန်ချိုကို ခေါ်ယူထားနိုင်တဲ့ ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်သာ ရရှိမှာဖြစ်ပြီး လီဗာပူးလ် ချယ်လ်ဆီးတို့ရဲ့နောက်မှာသာ ရပ်တည်နိုင်လိမ့်မယ်လို့ စူပါကွန်ပျူတာက တွက်ချက်ထားခဲ့ပါတယ်။ စူပါကွန်ပျူတာရဲ့ ဟောကိန်းထဲမှာ ချန်ပီယံဖြစ်ဦးမယ့် မန်စီးတီးနဲ့ ဒုတိယနေရာက လီဗာပူးလ်တို့ကြား ရမှတ်ကွာဟချက်က (၁၁)မှတ်အထိကို မြင့်မားစွာ ကွာဟနေဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီမှာ အဆင့်(၉)နေရာသာ ရရှိခဲ့တဲ့ အာဆင်နယ်အသင်းကိုတော့ အဆင့်(၅)အထိ တတ်လှမ်းလာမယ်လို့ ဟောကိန်းထုတ်ထားခဲ့သလို နူနိုဆန်တိုရဲ့ စပါးအသင်းကလည်း လက်စတာအသင်းရဲ့ အထက်မှာ ရပ်တည်နေလိမ့်မယ်လို့ တွက်ချက်ထားပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ တန်းတတ်အသင်းတွေဖြစ်တဲ့ ဘရန့်ဖိုဒ့် ဝက်ဖိုဒ့်အသင်းတွေကတော့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရလိမ့်မယ်လို့ တွက်ဆထားခဲ့ပါတယ်။