Super Sunday ဆိုတာ ဘောလုံးပရိသတ်တွေအတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲစဥ်တွေနဲ့ ပြည့်နက်နေတဲ့ နေ့ရက်ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်ကို မလွတ်တမ်း စောင့်ကြည့်သွားရမယ့် ဒီတစ်ပတ်ရဲ့ တနဂ်နွေနေ့ကိုတော့ Special Super Sunday လို့ သတ်မှတ်သွားရတော့မှာပဲ ဖြစ်ပါတယ်။

ဒီနေ့ Super Sunday မှာတော့ ချယ်လ်ဆီးနဲ့အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီ စပါးနဲ့လီဗာပူးလ်တို့ ထိပ်တိုက်ဆုံတွေ့မှု ရိုးမားနဲ့လာဇီယိုတို့ရဲ့ ရောမဒါဘီနဲ့ ဂျုဗင်တပ်စ်နဲ့အင်တာမီလန်တို့ရဲ့ အီတလီဒါဘီပွဲတွေ ရှိလို့နေပါတယ်။ ဒီပွဲစဥ်ကိုတော့ ညနေ(၆)နာရီခွဲကနေ မနက်(၂)နာရီ(၁၅)မိနစ်ထိ တောက်လျှောက် ကြည့်ရှုသွားရမှာဖြစ်ပြီး အားလုံးက ပွဲကောင်းတွေ ဖြစ်နေတဲ့အတွက် တစ်ပွဲမှကို မလွတ်တမ်း ကြည့်ရှုရမှာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဘက်မှာတော့ ချယ်လ်ဆီးနဲ့အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီပွဲစဥ်နဲ့ စပါးနဲ့လီဗာပူးလ်တို့ရဲ့ ပွဲကောင်းတို့ဟာလည်း ဒီနေ့တစ်နေ့တည်းမှာပဲ ကစားသွားကြမှာ ဖြစ်ပါတယ်။ ညနေ(၆)ခွဲမှာ ကစားသွားမယ့် လန်ဒန်ဒါဘီပွဲမှာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဦးဆောင်နေတဲ့ အာဆင်နယ်ကို ချယ်လ်ဆီးတို့ တားဆီးသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေသလို ည(၁၁)နာရီမှာ ကစားသွားမယ့် စပါးနဲ့လီ​ဗာပူးလ်ပွဲမှာလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း နိုင်ပွဲမရှိထားသေးတဲ့ လီဗာပူးလ်တို့ အဝေးကွင်းနိုင်ပွဲ စတင် ရယူနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒီပွဲတွေအပြင် စီးရီအေဘက်မှာကလည်း ဘယ်အချိန်မဆို အလွန်ပြိုင်ဆိုင်မှု ပြင်းထန်တတ်လေ့ရှိတဲ့ ရောမဒါဘီဟာလည်း စောင့်ကြည့်ချင်စရာကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်နေမှာတော့ အသေအချာပါပဲ။ ဒီပွဲကတော့ ည(၁၁)ခွဲမှာ ကစားပါမယ်။ ဒီပွဲအပြီး မနက်(၂)နာရီ(၁၅)မိနစ်မှာတော့ အီတလီဒါဘီပွဲကိုပါ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဂျုဗီရော အင်တာရောက လတ်တလော စီးရီးအေမှာ ရလဒ်တွေ ကောင်းမွန်ထားကြတဲ့ အသင်းတွေ ဖြစ်နေတာမို့ ဘယ်အသင်းက သူတို့ရဲ့ form ကောင်းနေမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။