ဒီနှစ်နွေမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမားလေး အာမတ်ဒီယဲလိုရဲ့ ခြေစွမ်းတွေနဲ့ ပတ်သတ်ပြီး ဆန်းဒါးလန်းနည်းပြ တိုနီမိုဘရီက လီဗာပူးလ် လူငယ်ကြယ်ပွင့်လေး ဟာဗေးအဲလိယက်နဲ့ ခိုင်းနှိုင်းကာ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sports Illustrated

အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံနဲ့ တိုက်စစ်ကစားသမားလေး အာမတ်ဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာပဲ အတ္တလန်တာကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး စီနီယာ ကစားသမားတွေ များစွာရှိနေတဲ့ ယူနိုက်တက်မှာ နေရာတစ်နေရာ ရရှိဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီ လက်ကျန်ရာသီမှာ ရိန်းဂျားစ်အသင်းဆီ အငှားထွက်ကစားဖြစ်ခဲ့တဲ့ အာမတ်ဟာ ဒီရာသီမှာတော့ ဆန်းဒါးလန်းအသင်းဆီ တစ်ရာသီအငှား ထွက်ကစားဖြစ်ခဲ့ပေမယ့်လည်း ရာသီအစမှာ မိနစ်ပိုင်းလောက်တွေသာ ကစားခဲ့ရပြီး ဒီနောက်ပိုင်းမှသာ ပုံမှန်ကစားခွင့်တွေ တဖြည်းဖြည်း ရရှိလာခဲ့ပါတယ်။

Man Utd loanee Amad Diallo likened to Liverpool's Harvey Elliott | Football  | Metro News

Photo Credit : Metro

ဆန်းဒါးလန်းက ဘန်လေကို (၂-၄)နဲ့ ရှုံးနိမ့်ခဲ့တဲ့ လိဂ်ချန်ပီယံရှစ်ပွဲစဉ်မှာ အသင်းရဲ့ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအကြိမ် ပါဝင်ခဲ့ရတဲ့ အာမတ်ဟာ ပထမဆုံးဂိုးကိုပါ သွင်းယူနိုင်ခဲ့သလို ဟတ်ဒါဖီးလ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နောက်ထပ် သွင်းဂိုးတစ်ဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ အာမတ်က အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ဦးဖြစ်သလို သူ့ကိုလည်း ဆန်းဒါးလန်းနည်းပြ မိုဘရီကိုယ်တိုင်က လီဗာပူးလ် လူငယ်ကစားသမားလေး အဲလိယက်နဲ့ပါ ခိုင်းနှိုင်းသွားခဲ့ပါတယ်။ ဘလက်ဘန်းနည်းပြဟောင်း မိုဘရီက ဘလက်ဘန်းကို ကိုင်တွယ်ချိန်မှာ အဲလိယက်ရဲ့ဆရာသမားတစ်ဦးပါ ဖြစ်ခဲ့ဖူးရာ “ဘလကက်ဘန်းမှာတုန်းက ကျွန်တော်တို့ ဟာဗေးအဲလိယက်ကို တစ်ရာသီနီးပါးလောက် ပိုင်ဆိုင်ခဲ့တယ်။ အာမတ်ကလည်း ဟာဗေးအဲလိယက်လို မယုံနိုင်စရာ အရည်အသွေးမျိုးတွေကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။ သူ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးဖို့ကို အလျင်အမြန် ဆုံးဖြတ်မလားဆိုတာတော့ မသိသေးပါဘူး။ အနာဂတ်နဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမယ့် သူ ကျွန်တော်တို့နဲ့ အတူရှိနေတာကို ကျွန်တော် အတော်လေး ကျေနပ်မိတယ်။ သူက လျင်မြန်တယ်။ ဘောလုံးကိုလည်း သူ့ခြေထဲမှာ မြဲနေတတ်တယ်။ သူ့ကို မန်ယူနိုက်တက်က ဘာကြောင့် မယုံနိုင်စရာ ငွေကြေးမျိုး ခေါ်ယူခဲ့တာဆိုတာကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် သူ ဘောလုံးကစားခွင့်တော့ ပိုပြီးရရှိသင့်တယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။