လိဒ်စ်ယူနိုက်တက်အသင်းရဲ့ နယ်သာလန် ဘယ်တောင်ပံကစားသမား ဆမ်းမားဗေးလ်ဟာ လီဗာပူးလ်အသင်း နည်းပြသစ် အာနယ် ဆလော့ရဲ့ လီဗာပူးလ်အတွက် ပထမဆုံး ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာနိုင်တယ်လို့ Liverpool Echo လီဗာပူးလ် သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးလ်အသင်းက လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းက မိုဟာမက် ဆာလာနဲ့ လူးဝစ် ဒီးယက်ဇ်တို့လို အဓိက ကစားသမားတွေကို လက်လွတ်သွားရနိုင်တဲ့ အခြေအနေတွေ ရှိနေပြီး အဲ့ဒီအတွက် ဆလော့က တိုက်စစ် ကစားသမားသစ် ဖြည့်တင်းမှုကို လုပ်ဆောင်သွားဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit : The Empire of The Kop

နည်းပြတစ်ဦးက အသင်းသစ် တစ်သင်းဆီ ရောက်ရှိသွားပြီဆိုရင် သူအရင်ကိုင်တွယ်ခဲ့တဲ့ အသင်းဟောင်းက ကစားသမားတချို့ကို အသင်းသစ်ဆီ ခေါ်ဆောင်တက်တာက ထုံးစံလို ဖြစ်နေတက်ပြီး သူနဲ့ နိုင်ငံတူတဲ့ ကစားသမားတွေကိုလည်း ခေါ်ယူတက်လေ့လည်း ရှိတက်ပါတယ်။ ဒါ့အပြင် အသင်းဟောင်းကို ကိုင်တွယ်နေစဉ် ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကစားသမားတချို့ကိုလည်း အသင်းသစ်ရောက်မှ ခေါ်ယူတက်တာမျိုးလည်း ရှိတက်ပါတယ်။

ဆလော့ဟာလည်း လက်ရှိမှာ သူ့အသင်းဟောင်း ဖိုင်ယင်နော့က ကစားသမားတချို့ကို လီဗာပူးလ်ဆီ ခေါ်ဆောင်ဖို့ စီစဉ်နေသလို လာမယ့်နွေမှာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းမွှေးနေတဲ့ ကိုလံဘီယာ ဘယ်တောင်ပံကစားသမား ဒီးယက်ဇ်နေရာအတွက်ကိုလည်း ကစားသမား ပြန်ဖြည့်ဖို့ပါ စီစဉ်လို့နေပါတယ်။

Photo Credit : Football365

ဒီနေရာအတွက် ဆလော့က အသက် (၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ လိဒ်စ်က နယ်သာလန် ဘယ်တောင်ပံကစားသမား ဆမ်းမားဗေးလ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၃၀)ဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ ရှိနေပါတယ်။ ဒီကစားသမားဟာ ဆလော့ရဲ့ အသင်းဟောင်း ဖိုင်ယင်နော့ လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၂၁ခုနှစ်ကပဲ လိဒ်စ်အသင်းဆီ ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ဘယ်ညာ တောင်ပံနှစ်ဖက်လုံး ကစားတက်တဲ့ ဆမ်းမားဗေးလ်ဟာ လိဒ်စ်အသင်းကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ပို့ဆောင်ဖို့ စွမ်းဆောင်ပေးခဲ့ပေမယ့်လည်း ချန်ပီယံရှစ် ပလေးအော့ ဖိုင်နယ်မှာ ရှုံးပွဲတွေ့ခဲ့လို့ ချန်ပီယံရှစ်မှာပဲ ကျန်ခဲ့ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆမ်းမားဗေးလ်ဟာ ၂၀၂၃-၂၄ ရာသီမှာ လိဒ်စ်အတွက် ပြိုင်ပွဲစုံ (၄၉)ပွဲကစား (၂၁)ဂိုးသွင်းယူပြီး (၁၀)ဂိုး ဖန်တီးပေးခဲ့သလို ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။