ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဆူလေ ကတော့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
အသက် ၂၆နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် နောက်ခံလူ ဆူလေဟာ ၂၀၁၇ခုနှစ်မှာ ဟော့ဖန်ဟိမ်း ကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ထံ စတင် ရောက်ရှိတဲ့ အချိန်ထဲက အသင်းရဲ့ အဓိက နောက်ခံလူ အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူပါ။
Photo Credit: Daily Mail
ဆူလေဟာ ဘိုင်ယန်မြူးနစ် အတွက် ၅နှစ်တာ ကာလအတွင်းမှာ ပွဲပေါင်း ၁၅၈ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်က ဆူလေကို စာချုပ်သက်တမ်း တိုးဖို့ ယခုနှစ် ဘောလုံးရာသီ အစထဲက စတင် ကြိုးပမ်းခဲ့ပေမယ့် ဆူလေက စာချုပ်သစ်မှာ မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးချေဖို့ တောင်းဆိုခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်က ဆူလေကို စာချုပ်သက်တမ်း တိုးဖို့ ကြိုးစားနေမှုကို ရပ်တန့်လိုက်ပါတယ်။
Photo Credit: Daily Mail
နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဆူလေဟာ ယမန်နေ့မှာပဲ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေကို ရပ်တန့်လိုက်ပြီး ရာသီကုန်ရင် အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း သိရပါတယ်။
လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေတဲ့ ဆူလေကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ ဝက်စ်ဟမ်းတို့အပြင် အခြား ဥရောပအသင်းတွေက စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးကတော့ ဆူလေကို ခေါ်ယူဖို့ အတက်ကြွဆုံး ဖြစ်နေတဲ့ အသင်းတသင်း ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြလာကြပါတယ်။