ဝါရင့်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ကတော့ သူရဲ့အသင်းသစ်ဖြစ်လာခဲ့တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းအတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂရန်နာဒါအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း ဝင်ရောက်ကစားခဲ့ပြီး အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့သလို လော်ရန်တေးရဲ့သွင်းဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီလို အသင်းသစ်အတွက် တာထွက်လှနိုင်ခဲ့တဲ့ ဆွာရက်ဇ်ကို သူရဲ့ဇနီးသည်ဆိုဖီယာက ချီးမွမ်းပြောဆိုလာခဲ့သလို သူရဲ့ခင်ပွန်းကို အခလို လက်တွဲဖြုတ်ခဲ့တဲ့ ဘာစီလိုနာကိုပါ ခနဲ့တဲ့ပြောဆိုမှုတွေကိုလည်း လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : Pinterest

ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ အသင်းဖော်မက်ဆီနဲ့ အကောင်းဆုံးတွဲဖက်နိုင်ခဲ့ပြီး သွင်းဂိုးများစွာကို ရယူနိုင်ခဲ့ကာ အသင်းရဲ့သမိုင်းကြောင်းတလျှောက် တတိယမြောက် ဂိုးသွင်းအမျုားဆုံးသူအဖြစ်ပါ သတ်မှတ်ခံထားရသူဖြစ်ပေမယ့်လည်း အသင်းကို နည်းပြသစ် ရော်နယ်ကိုးမန်း ရောက်ရှိလာချိန်မှာ ဆွာရက်ဇ်ရဲ့အနာဂတ်တွေက အရမ်းကို လှုပ်ခတ်လာခဲ့ရင်း နောက်ဆုံးမှာတော့ အသက်လက်တီကိုအသင်းဆီကိုပဲ ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီလို ဘာစီလိုနာဘက်ကနေ ကန်ထုတ်ခံလိုက်ရပေမယ့်လည်း ဆွာရက်ဇ်ကတော့ သူဟာ ဘယ်လောက်ထိ လုပ်နိုင်ကိုင်နိုင်သေးလဲဆိုတာကို သူရဲ့ပွဲဦးထွက်မှာပဲ သက်သေပြသနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

အခုလို ဆွာရက်ဇ်ရဲ့ပွဲဦးထွက် တာထွက်လှပနိုင်ခဲ့မှုအပေါ် ဆွာရက်ဇ်ရဲ့ဇနီးသည် ဆိုဖီယာက ပျော်ရွှင်ဝမ်းမြောက်လို့နေပြီး သူမရဲ့အင်စတာဂရမ်ပေါ်မှာလည်း အသက်လက်တီကိုဝတ်စုံနဲ့ ဂိုးသွင်းပြီးအောင်ပွဲခံနေတဲ့ ဓါတ်ပုံနဲ့အတူ “ဒါကမှ မင်းနဲ့ထိုက်တန်တဲ့ အရာပါ။ မင်းအခုလို ရယ်မောနေတာလေးကို ပြန်ပြီးမြင်တွေ့ရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ” ဆိုတဲ့ စာသားတွေကို ရေးသားသွားခဲ့ပါတယ်။ ဒီအင်စတာဂရမ်ပို့စ်အောက်မှာ ဆိုဖီယာရဲ့အရင်းနှီးဆုံးမိတ်တွေဖြစ်သလို ဆွာရက်ဇ်ရဲ့အသင်းဖော်ဟောင်း မက်ဆီရဲ့ဇနီးဖြစ်သူ အန်တိုနယ်လာကလည်း လက်ခုပ်တီးနေတဲ့ အီမိုဂျီတွေကို Comment ပေးသွားခဲ့ပါသေးတယ်။ မက်ဆီနဲ့ဆွာရက်ဇ်တို့နှစ်ယောက်ဟာ ဘာစီလိုနာမှာ ကစားခဲ့စဉ်အတွင်းက ကွင်းအတွင်းမှာရော ကွင်းအပြင်မှာပါ အရမ်းကို တွဲဖက်မိတဲ့ မိတ်ဆွေတွေဖြစ်နေကြသလို အန်တိုနယ်လာနဲ့ ဆိုဖီယာတို့ကလည်း သူတို့ရဲ့ခင်ပွန်းတွေနည်းတူ တအားကို ခင်မင်ကြလျက်ရှိပါတယ်။ ဆွာရက်ဇ်ကို ဘာစီလိုနာဘက်ကနေ အခုလို ထုတ်ပယ်လိုက်တဲ့အပေါ်မှာလည်း မက်ဆီက စိတ်ပျက်လျက်ရှိနေပြီး ဘာစီကနေ သူ့ကို အခုလို ကန်ထုတ်လိုက်သလို လုပ်ဆောင်ခဲ့ခြင်းဟာ ဆွာရက်ဇ်နဲ့ လုံးဝကို ထိုက်တန်မှုမရှိဘူးလို့ ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။