စပိန်အင်အားကြီး ကလပ် ဘာစီလိုနာအသင်းရဲ့ ဥရုဂွေး တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက်ဇ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ဘာစီလိုနာအသင်းကနေ မဖြစ်မနေ ထွက်ခွာရမယ့် အခြေအနေမှာ ရှိနေတာကြောင့် လက်ရှိမှာတော့ အမေရိကန် မေဂျာလိဂ် ကလပ်အသင်း တစ်ခုဖြစ်တဲ့ အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ဖို့ အတွက် ဆွေးနွေးနေပြီ လို့ သိရပါတယ်။ အသက်၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဆွာရက်ဇ်ဟာ ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန် ခြေစွမ်းကောင်း တစ်ခုကို ထုတ်ပြဖို့ အတွက် ခက်ခဲခဲ့ပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်သူ ကိုးမန်းရဲ့ အနာဂတ် အစီအစဉ်တွေမှာ မပါဝင်တော့ဘူး လို့ သိရပါတယ်။

Photo Credit: Standard

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာသူ ကိုးမန်းဟာ ဘာစီလိုနာအသင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်လိုနေတာ ဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ဆွာရက်ဇ်ကို ရောင်းချကာ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး မာတီနက်စ် ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဘာစီလိုနာအသင်းနဲ့ နီိးစပ်သူတွေရဲ့ အဆိုအရတော့ ကိုးမန်းရဲ့ အနာဂတ် အစီအစဉ်ထဲမှာ သူမပါတော့တဲ့ အကြောင်းကို သိလိုက်ရတဲ့ အချိန်မှာ ဆွာရက်ဇ် အနေနဲ့ အတော်လေးကို ဝမ်းနည်းသွားခဲ့ပြီး ဘာစီလိုနာအသင်းဘက် က သူ့ကို စာချုပ်ဖျက်သိမ်းဖို့ ကြိုးစားလာတဲ့ အချိန်မှာတော့ သူ့အနေနဲ့ ဘာစီလိုနာအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ် လို့ သိရပါတယ်။

Photo Credit: Standard

ဥရောပရဲ့ နာမည်ကြီး သတင်းဌာနတွေထဲက တစ်ခုဖြစ်တဲ့ Independent သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ဆွာရက်ဇ်ဟာ အမေရိကန် မေဂျာလိဂ်မှာ ရလဒ်ကောင်းတွေ ရရှိဖို့ အတွက် ရုန်းကန်နေရတဲ့ အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေပြီး ဆွေးနွေးမှုတွေဟာ အတော်လေးကို တိုးတက် နေတယ်လို့ သိရပါတယ်။ အင်တာ မိုင်ယာမီအသင်းဟာ အသင်းထံကို ဥရောပ ကြယ်ပွင့် ကစားသမားတွေ ရောက်ရှိလာဖို့ အပူတပြင်း ကြိုးစားနေတဲ့ အသင်းဖြစ်ပြီး ဂျူဗင်တပ် အသင်းရဲ့ ကွင်းလယ်လူဟောင်း မာတွီဒီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ​ခေါ်ယူခဲ့အပြီးမှာ ဆွာရက်ဇ်ကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်၄၅၀၀၀၀ အထိ ရရှိနေတာ ဖြစ်ပေမယ့် အင်တာမိုင်ယာမီ အသင်းဆီ ပြောင်းရွှေ့တဲ့ အချိန်မှာ သူ့ရဲ့ လုပ်ခလစာကို လျော့ယူရဖွယ် ရှိကြောင်းလည်း Independent ရဲ့ ဖော်ပြချက်အရ သိရှိထားရပါတယ်။