စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ဟာ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာပဲ အက်သလက်တီကို မက်ဒရစ်အသင်းကို စွန့်ခွာကာ သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ ဂျာရတ် ကိုင်တွယ်နေတဲ့ ပရီးမီးယားလိဂ် ကလပ် ဗီလာအသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် ဝါရင့် ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ဟာ ကစားသမား ဘဝ နောက်ဆုံး အခိုက်အတန့်ကို ရောက်ရှိနေသူ ဖြစ်ပေမယ့် ယခုအချိန် အထိ ထိပ်တန်း တိုက်စစ်မှူး တဦး အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အက်သလက်တီကို မက်ဒရစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Football Espana

ဆွာရက်ဇ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းက သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ဆွာရက်ဇ်ကတော့ အသင်းသစ် တသင်းထံသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး စပိန်သတင်းထောက် ရိုမဲရိုရဲ့ ဖော်ပြချက်အရတော့ ဆွာရက်ဇ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ထွက်ခွာပြီး သူ့ရဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ဂျာရတ်နဲ့ ကော်တင်ဟိုတို့ ရှိနေတဲ့ ဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပျနေကာ ဗီလာအသင်းကသာ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရင် ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Photo Credit: Football Espana

ဂျာရတ်နဲ့ ဆွာရက်ဇ်တို့ဟာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးအသင်းမှာ အတူတကွ ကစားခဲ့ဖူးသူတွေ ဖြစ်ပြီး လက်ရှိမှာ ဗီလာအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ လုပ်ကိုင်နေတဲ့ ဂျာရတ်ကလည်း ဆွာရက်ဇ်ကို ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်း ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၅လကျော်သာ ကျန်တော့တဲ့ ဆွာရက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၃သန်း ဝန်းကျင် ရရှိပါက ရောင်းထုတ်ဖွယ် ရှိပါတယ်။