ကိုဗစ်ဗိုင်းရပ်စ်ပိုးကြောင့် ဘောလုံးပရိသတ်တွေအားလုံး မျှော်လင့်နေရတဲ့ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့လို ကမ္ဘာ့အကောင်းဆုံးကစားသမား(၂)ယောက် ပြန်လည်ရင်ဆိုင်တွေ့ဆုံရမယ့် အရေးကနေ လွဲချော်ခဲ့ရတာ အတော်လေးကို စိတ်ပျက်စရာကောင်းခဲ့ရပါတယ်။ ကိုဗစ်ကြောင့် ဘောလုံးချစ်ပရိသတ်တွေ လွဲချော်ခဲ့ရတဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေက များစွာရှိခဲ့တဲ့အပြင် အခုလည်း အသင်းဟောင်းဘာစီလိုနာနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ပွဲကြီးပွဲကောင်းမတိုင်ခင်မှာပဲ တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်က ကိုဗစ်ပိုးကူးစက်သွားခဲ့လို့ ဒီပွဲကို လွဲချော်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Eurosport

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူးဆွာရက်ဇ်ဟာ နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာ သူရဲ့ဥရုဂွေးအသင်းနဲ့ သွားရောက်ပူးပေါင်းခဲ့ရာ ကိုလံဘီယာအသင်းနဲ့ ကစားခဲ့ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းအတွက် သွင်းဂိုးရယူနိုင်ခဲ့ပေမယ့်လည်း ဘရာဇီးအသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာတော့ ကိုဗစ်ကူးစက်ခံထားရလို့ ဘရာဇီးနဲ့ပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်သလို သူရဲ့ကလပ်အသင်းဟောင်း ဘာစီလိုနာနဲ့ သူရဲ့လက်ရှိကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းတို့ ရင်ဆိုင်ကစားရမယ့် စပိန်လာလီဂါ ပွဲကြီးပွဲကောင်းကိုပါ လွဲချော်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းမှာ (၆)နှစ်တာအထိ ပါဝင်ကစားခဲ့ပြီး အသင်းအတွက် လီယွန်နယ်မက်ဆီပြီးနောက် ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဆွာရက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ဘာစီလိုနာအသင်းရဲ့ ပြိုင်ဘက်အသင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်ဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဒီရာသီမှာ အသက်လက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ(၉)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး (၅)ဂိုး သွင်းယူထားနိုင်ခဲ့သလို (၁)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ဒုတိယမြောက် ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နေတဲ့ ဆွာရက်ဇ်လို အဓိက ကစားသမားတစ်ယောက်ကို ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမယ့် အရေးတကြီးပွဲစဉ်မျိုးမှာ ထည့်သွင်းနိုင်လို့မရတာဟာ အသက်လက်တီကိုအတွက် အရမ်းကို နစ်နာစေခဲ့ရပါတယ်။ ဆွာရက်ဇ်အနေနဲ့ကလည်း သူ့လို အသင်းအတွက် အတော်လေး အကျိုးပြုခဲ့တဲ့ ကစားသမားမျိုးကို အလေးထားခြင်းမရှိပဲ အသင်းကနေ ရောင်းထုတ်ဖို့ အလွယ်တကူ ဆုံးဖြတ်ခဲ့တဲ့ အသင်းဟောင်းဘာစီလိုနာနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်အချိန်မှာ ကလဲ့စားချေနိုင်မယ့် အခွင့်အရေးကို လက်လျှော့လိုက်ရပြီး နူးကမ့်ကွင်းမှာ ပြန်လည်ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှသာ ပြန်လည်ကစားရနိုင်ပါတယ်။