အသင်းကို ရောက်ရှိလာခဲ့တဲ့ နည်းပြသစ် ရော်နယ်ကိုးမန်းနဲ့ အဆင်မပြေဖြစ်နေတာကြောင့် ဒီနှစ်ရဲ့နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားရတော့မယ်လို့ သတင်းထွက်လာခဲ့တဲ့ ဘာစီလိုနာတိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ဟာ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် အလွန်ကိုနီးစပ်နေပြီဆိုတဲ့ ကောလဟာလသတင်းတွေပါ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီသတင်းအားလုံးအပေါ် လုံးဝတုန့်ပြန်ထားခြင်းမရှိတဲ့ ဆွာရက်ဇ်ဟာ အခုတော့ ဒီလိုထွက်ပေါ်နေတဲ့ သတင်းတွေက အတုအယောင်တွေသာဖြစ်တယ်လို့ သူရဲ့အင်စတာဂရမ်ပေါ်ကနေ ရှင်းလင်းတုန့်ပြန်လိုက်ပြီဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် ဝါရင့်တိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်ဟာ ဘာစီလိုနာကို နည်းပြကိုးမန်း ရောက်ရှိလာချိန်မှာ သူရဲ့အနာဂတ်အခြေအနေတွေက အရမ်းကိုလှုပ်ခတ်သွားခဲ့ပြီး ကိုးမန်းကိုယ်တိုင်ကပါ ဆွာရက်ဇ်ဆီ ဖုန်းနဲ့ဆက်သွယ်ပြီး စာချုပ်ဖျက်သိမ်းဖို့အထိပါ တောင်းဆိုခဲ့တယ်လို့ သတင်းဌာနပေါင်းစုံကနေ ဖော်ပြလာခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းတွေမှာလည်း ဘာစီလိုနာနဲ့ လမ်းခွဲရတော့မယ့် ဆွာရက်ဇ်ဟာ ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် Personal Agreed တောင် ရရှိထားခဲ့ပြီးပြီလို့လည်း ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : Juniper Sports

ဒီလိုသတင်းတွေနဲ့ပတ်သက်ပြီး ဘာမှကို တုန့်ပြန်ထားခြင်းမရှိသေးတဲ့ ဆွာရက်ဇ်ဟာ အခုတော့ သူရဲ့ဓါတ်ပုံတစ်ပုံနဲ့အတူ ပြန်လည်တုန့်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဆွာရက်ဇ်က ဘာစီလိုနာအသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းရင်း ရယ်မောနေတဲ့ သူရဲ့ဓါတ်ပုံပေါ်မှာ “သတင်းအမှားတွေ ထွက်ပေါ်ခဲ့ချိန်မှာလည်း ငါအဆင်ပြေနေတယ်” ဆိုတဲ့ စာသားကိုပါ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ဒီလို ရေးသားဖော်ပြချက်အရ ဆွာရက်ဇ်ရဲ့အနာဂတ်က စဉ်းစားစရာဖြစ်သွားခဲ့ရပြီး အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုခဲ့ပြီးမှ အသင်းနဲ့ နောက်ထပ်တစ်ရာသီ ဆက်လက်ရှိနေဖို့ စိတ်ပြောင်းသွားခဲ့တဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီနဲ့အတူ ဘာစီလိုနာမှာပဲ ဆက်လက်ရှိနေတော့မလားဆိုတာ မေးခွန်းထုတ်ချင်စရာ ဖြစ်လာခဲ့ပါတယ်။ ဆွာရက်ဇ်ဟာလည်း မက်ဆီလိုပဲ လာမယ့် ၂၀၂၁ခုနှစ်မှာ ဘာစီလိုနာအသင်းနဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ သူရဲ့နေရာမှာ အစားထိုးဖို့အတွက် လိုင်ယွန်အသင်းရဲ့ နယ်သာလန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို ကိုးမန်းက ခေါ်ယူချင်နေတာဖြစ်ပါတယ်။ တကယ်လို့ မက်ဆီရော ဆွာရက်ဇ်ပါ ဘာစီလိုနာမှာ ဆက်လက်ရှိနေမယ်ဆိုရင် ဂရစ်ဇ်မန်းရဲ့အနာဂတ်က လှုပ်ခတ်လာရဖွယ်ရှိနေပြီး အသင်းနဲ့လည်း လမ်းခွဲရဖွယ်ရှိလာနိုင်ပါတယ်။