MySport Myanmar

လီဗာပူးလ် အသင်းဖော်ဟောင်း လူးကပ်စ်ကို ထောက်ခံ အားပေးခဲ့တဲ့ ဆွာရက်ဇ်

ဥရုဂွေး ဝါရင့် တိုက်စစ် ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်က သူ့ လက်ရှိကလပ် ဂရီမဲရိုးအသင်းအတွက် ဂိုးသွင်းယူခဲ့ပြီးနောက်မှာ သူရဲ့ လီဗာပူးလ် အသင်းဖော်ဟောင်းဖြစ်သူ ကွင်းလယ်လူ လူးကပ်စ်လီဗာအပေါ် အားပေး ထောက်ခံမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : The Independent

ဆွာရက်ဇ်နဲ့ လူးကပ်စ်တို့ဟာ လီဗာပူးလ်အသင်းမှာ တွဲဖက် ကစားခဲ့ဖူးတဲ့ တောင်အမေရိက ကစားသမားတွေဖြစ်ပြီး ဘရာဇီးလ် ကွင်းလယ်လူကြီး လူးကပ်စ်က လာဇီယိုကနေ ဘရာဇီးလ် ကလပ်အသင်း ဂရီမဲရိုးဆီ ပြောင်းရွှေ့လာချိန်မှာလည်း ဆွာရက်ဇ်နဲ့ လူးကပ်စ်တို့ ပြန်လည် လက်တွဲခွင့်ရဖို့ အကြောင်းဖန်ခဲ့ရပေမယ့်လည်း လူးကပ်စ်က သူရဲ့နှလုံးအခြေအနေကြောင့် ဘောလုံးသမားဘဝကို ရှေ့ဆက်ဖို့ မလွယ်ကူတော့တာကြောင့် အနားယူလိုက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ရပါတယ်။

Photo Credit : This is Anfield

ဒီလို ကစားသမားဘဝကနေ အနားယူသွားတဲ့ အသင်းဖော်ဟောင်း လူးကပ်စ်အတွက် အခုတစ်ပတ် ပွဲစဉ်အတွင်း ဂရီမဲရိုးအသင်းအတွက် ဗွေဆော်ဦးဂိုး သွင်းယူခဲ့ပြီးနောက် သူရဲ့ ဂရီမဲရိုး ဂျာစီအောက် ဝတ်ဆင်ထားတဲ့ တီရှပ်ပေါ်မှာ “လူးကပ်စ်ရေ။ ငါတို့ နှလုံးသားက မင်းနဲ့ အတူ ရှိနေတယ်နော်။ ငါတို့ အတူတူ ရှိနေတယ်”ဆိုတဲ့ စာသားနဲ့ support လုပ်သွားခဲ့ပါတယ်။ ဆွာရက်ဇ်နဲ့ လူးကပ်စ်တို့ဟာ လီဗာပူးလ်အသင်းမှာ ၂၀၁၁ခုနှစ်ကနေ ၂၀၁၄ခုနှစ်အတွင်း အတူတူ တွဲဖက်ကစားခဲ့ပြီးနောက် ဆွာရက်ဇ်က ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့သွားခဲ့သလို လူးကပ်စ်ကတော့ စီးရီးအေကလပ် လာဇီယိုအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိမှာ အသက်(၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ လူးကပ်စ်က သူ့ နှလုံးအခြေအနေနဲ့ ပတ်သတ်ပြီး ဆရာဝန်ဖြစ်သူ အကြံပေးမှုအရ ကစားသမားဘဝကို အနားယူဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ အတိအလင်း ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version